China (HongKong)

နိုင်ငံတကာကုန်အမှတ်တံဆိပ်ပစ္စည်း ကုမ္ပဏီများ ဟိုင်နန်သို့ တိုးချဲ့ဖွင့်လှစ်နိုင်ရန် အခွင့် အလမ်း ရှာဖွေလျက်ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ ဖွင့်လှစ်ထားသည့် နာမည်ကြီး နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ပစ္စည်းကုမ္ပဏီများဖြစ်သည့် LVMH Moet Hennessy Louis Vuitton (LVMH) ၊ Hermes နှင့် Richemont တို့သည် ကမ္ဘာ့ဒုတိယအကြီးဆုံး တန်ဖိုးမြင့်ကုန်ပစ္စည်းများဈေးကွက်ဖြစ်သည့် တရုတ်ပြည်မကြီးရှိ ဟိုင်နန်၌ လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရန် အခွင့်အလမ်းများ ရှာဖွေလျက်ရှိကြောင်း၊ နာမည်ကြီး နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ပစ္စည်းကုမ္ပဏီများမှာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်မည့် အခြေ အနေမရှိလျှင် တရုတ်ပြည်မကြီး အထူးသဖြင့် ဟိုင်နန်၌ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးမြှင့်သွားကြမည်ဖြစ်ပြီး ဟောင်ကောင်ဒေသအပေါ် သက်ရောက်မှုများ ကြီးမားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနီးရှိ ကွမ်တုံးပြည်နယ်အနေဖြင့် ဟောင်ကောင်မှ ဆက်လက်ဝယ်ယူနိုင်သော်လည်း တရုတ်ပြည်မကြီးမှ ဝယ်ယူသူ အရေအတွက်မှာ လျော့နည်းသွားနိုင်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ယခင်နှစ်က တရုတ်ပြည်မကြီး၌ နာမည်ကြီး နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ပစ္စည်းဈေးကွက်၏ ရောင်းချမှုမှာ တရုတ်နိုင်ငံစုစုပေါင်းရောင်းချမှု၏ (၃၂) ရာခိုင်နှုန်းရှိပြီး အမေရိကန်နိုင်ငံကို ကေျာ်လွန်သွားပြီး (၅) နှစ်တာကာလအတွင်း ကမ္ဘာ့အမြင့်ဆုံးဖြစ်သွားကြောင်း၊ ဟိုင်နန်ကျွန်း၌ ရောင်းချသည့် ကုန်ပစ္စည်း များအားလုံးမှာ ၂၀၂၅ ခုနှစ်တွင် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ပစ္စည်းကုမ္ပဏီများအနေဖြင့် အခြားမြို့များရှိ ဆိုင်များအား ထိခိုက်နိုင်သောကြောင့် ဟိုင်နန်ကျွန်း၌ အကောက်ခွန်ကင်းလွတ်မည့်ဆိုင်များ ဖွင့်လှစ်မည်မဟုတ်ကြောင်း၊ အချို့သောကုမ္ပဏီများမှာ နိုင်ငံခြားကုမ္ပဏီ များအတွက် ဒေသသက်သာခွင့်အခွန်မူဝါဒများ ပံ့ပိုးသည့်ဒေသများတွင် ရုံးခန်းအသစ်များ ဖွင့်လှစ်ထားကြကြောင်း၊ ဟိုင်နန်ကျွန်းအပါအဝင် တရုတ်ပြည်မကြီး၌ ဆိုင်များ ရင်းနှီးမြှုပ်နှံဖွင့်လှစ်ခြင်းမှာ အကျိုးရှိနိုင်ပြီး လာမည့် (၂) နှစ်နှင့် (၃) နှစ်ကျော်ကာလအတွင်းတွင်  ပိုမိုသိသာပေါ်လွင်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post သတင်းစာ (2-12-2021)

Category: China (HongKong)