China(Nanning)

နိုဝင်ဘာလ (၈) ရက်နေ့တွင် တရုတ်နိုင်ငံ၌ အဖိုးတန်သတ္တုဈေးနှုန်းများ သိသာစွာမြင့်တက်ခဲ့

Last Updated:

နိုဝင်ဘာလ (၈) ရက်နေ့အစောပိုင်းတွင် တရုတ်နိုင်ငံ၏ ငွေသတ္တု ပျမ်းမျှ လက်ငင်းဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၄,၉၀၂) ဖြစ်ပါသည်။  ၎င်းဈေးနှုန်းမှာ အောက်တိုဘာလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၄,၈၇၂) နှင့် နှိုင်းယှဉ်ပါက (၀.၆၂ % ) တက်လာခဲ့ခြင်းဖြစ်ပြီး၊  ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၅,၅၅၀) နှင့် နှိုင်းယှဉ်ပါက (၁၁.၆၈%) ကျဆင်းခဲ့ပါသည်။ စက်တင်ဘာလ ကုန်ပိုင်း၌ ငွေသတ္တုဈေးနှုန်း သိသိသာသာကျဆင်းခဲ့သော်လည်း၊ တရုတ်နိုင်ငံ၏ အမျိုးသားနေ့ အားလပ်ရက်နောက်ပိုင်းတွင် ပြန်လည်တက်လာကာ ဈေးနှုန်းတည် ငြိမ်နေသည်ကို တွေ့ရပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေသတ္တုလက်ငင်းဈေးနှုန်းမှာ တစ်ဂရမ်လျှင် ယွမ်ငွေ (၃၇၅.၀၂) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းသည် အောက်တိုဘာလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်း တစ်ဂရမ်လျှင် ယွမ်ငွေ (၃၈၀.၂၀) မှ (၃.၁၉ %) ကျဆင်းခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း တစ်ဂရမ်လျှင် (၃၉၂.၇၀) ယွမ်နှင့်နှိုင်းယှဉ်ပါက (၄.၅၀ %) ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။

နိုဝင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ လယ်ယာစိုက်ပျိုးရေးမဟုတ်သော ကဏ္ဍများရှိ အလုပ်အကိုင်အချက်အလက်မှာ ကောင်းမွန်နေပြီး ငွေကြေးဖောင်းပွမှုများစွာ မရှိလှသေးပါ။ ထို့ကြောင့် ဗဟိုဘဏ်များဘက်မှ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းကို ထိန်းကျောင်းမည့်အလားအလာများစွာ မတွေ့ရသေး ပါ။

အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှ ငွေသတ္တုထုတ်လုပ်မှု တန်ချိန် (၁,၂၁၈.၃၈၇) တန်ရှိခဲ့ကာ၊ ယခင်လကထက် (၄.၂၇ %) ပိုမိုခဲ့ပါသည်။ ၎င်းလအတွင်း၌ ကမ္ဘာလုံးဆိုင်ရာ ရွှေကိုင်ဆောင်ထားရှိမှုစာရင်း (ETF holdings) တွင် တန်ချိန် (၂၅.၅) တန်လျော့နည်းခဲ့ကာ တန်ချိန် (၃,၅၆၇) တန်သို့ ကျဆင်းခဲ့ပါသည်။ ၎င်း ပမာဏမှာ ယခုနှစ်အတွင်း  အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ မြောက်အမေရိကဘက်မှ ရွှေအသားတင်စီးထွက်မှု တန်ချိန် (၁၄.၇) တန်၊  ဉရောပဘက်မှ ရွှေအသားတင်စီးထွက်မှု တန်ချိန် (၁၂.၃) တန်ရှိခဲ့ကာ၊ အာရှသို့ ရွှေအသားတင်စီးဝင်မှု (၁.၃) တန်နှင့် အခြားဒေသများသို့ အသားတင်စီးဝင်မှု တန်ချိန် (၀.၂) တန် ရှိခဲ့ပါသည်။

မကြာသေးမီကာလအတွင်း ရွှေနှင့် ငွေသတ္တုများ၏ ဈေးနှုန်းများမှာ လည်ပတ်စီးဆင်းမှု တည်ငြိမ်နေသော်လည်း အတက်အကျရှိနေခဲ့ပါသည်။ ကပ်ရောဂါကာလ အတွင်းဖြစ်သောကြောင့် ထိန်းချုပ်နိုင်ဖွယ်ရာမရှိသည့် အချက်အလက်များစွာလည်း ရှိနေနိုင်သည့်အတွက် အဖိုးတန်သတ္တုများ၏ ဈေးနှုန်းများကို လွတ်လပ်စွာ ထိန်းချုပ်၍မရတော့ဘဲ အင်အားကြီးနိုင်ငံများ၏ မူဝါဒအရွေ့များပေါ်တွင်လည်း မူတည်နေပါသည်။ လတ်တလောတွင် အမေရိကန်ဘက်မှ မူဝါဒအရွေ့များပြုလုပ် နိုင်ဖွယ်မရှိသေးသည့်အတွက် ယခုဈေးနှုန်းများဝန်းကျင်၌ပင် ရှိနေနိုင်သည်ဟု ခန့်မှန်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ SunSirs (၉-၁၁-၂၀၂၁)

Category: China(Nanning)