China(Nanning)

နေရောင်ခြည်စွမ်းအင်သုံး အဓိကစီမံကိန်းများ စတင်လည်ပတ်နေပြီဖြစ်သည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်အစိုးရ၏ ဂိုဘီသဲကန္တာရအပါအဝင် အခြားကန္တာရဒေသများ၌ အကြီးအကျယ်တည်ဆောက်နေသည့် လေအားနှင့် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်သည့် စီမံကိန်းများ၏ တစ်စိတ်တစ်ဒေသအဖြစ် ချင်းဟိုင်နှင့် ဟာနန်ပြည်နယ်များတွင် photovoltaic စီမံကိန်းတစ်ရပ်ကို အောက်တိုဘာလ (၁၅) ရက်နေ့မှ စတင်တည် ဆောက်ပြီဖြစ်ကြောင်း State Power Investment Corp  က ထုတ်ဖော်ပြောကြားလိုက်ပါသည်။

၎င်းစီမံကိန်းမှ စုစုပေါင်းထုတ်လုပ်ပေးနိုင်သည့် စွမ်းရည်မှာ ကီလိုဝပ် တစ်သန်းနီးပါးဖြစ်ပြီး၊ ချင်းဟိုင်- ဟာနန် ultra-high-voltage တိုက်ရိုက်မီးသွယ်တန်းသည့် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ၎င်းစီမံကိန်းမှာ (၁,၅၈၇) ကီလိုမီတာရှည်လျားပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို တရုတ် နိုင်ငံအနောက်ပိုင်းမှ အလယ်ပိုင်းသို့ 800kV မီးကြိုးများဖြင့် သွယ်တန်းပို့ဆောင် ပေးသွားမည်ဖြစ်ပါသည်။ ၎င်းစီမံကိန်းမှ စီးပွားဖြစ်ထုတ်လုပ်မှုကို (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁ - ၂၀၂၅) အကုန်ပိုင်း၌ စတင်သွားနိုင်ဖွယ်ရှိပါသည်။

အဆိုပါစီမံကိန်းများသည် တရုတ်နိုင်ငံရှိ ကျယ်ပြန့်သောသဲကန္တာရဒေသများနှင့် မြစ်ဝါမြစ်အထက်ပိုင်းရှိ ရေအားရင်းမြစ်များ၏ အားသာချက်များကို အသုံးပြုသွားမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ရေအား၊ လေအားနှင့် နေရောင်ခြည် ရင်းမြစ်များ၏ အလားအလာများကို အပြည့်အဝအသုံးချကာ၊ နိုင်ငံ၏ စွမ်းအင်အားလုံး တို့တွင် သန့်ရှင်းသော စွမ်းအင်ပါဝင်မှုအချိုးကို လျင်မြန်စွာမြှင့်တင်သွားမည်ဖြစ်ပါသည်။

၂၀၃၀ ပြည့်နှစ်တွင် နေရောင်ခြည်နှင့် လေအားတို့မှ စွမ်းအင် (၁,၂၀၀) ဂဂ္ဂါဝပ်ကျော်ထုတ်လုပ်နိုင်ရန် တရုတ် နိုင်ငံက လျာထားသည့် ရည်မှန်းချက်ကို ပြည့်မီရန်

ဤစီမံကိန်းက ကူညီပေးသွားနိုင်မည်ဖြစ်ကြောင်း၊ အနောက်မြောက်ပိုင်းဒေသများသည် ယခုမူဝါဒမှ အကျိုး ကျေးဇူး ရရှိနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ  လျှပ်စစ်ပို့ဆောင်ပေးသည့်လိုင်းများကို ကမ်းရိုးတန်း ပြည်နယ်များရှိ အဓိကဝယ်လိုအားရှိသော ဗဟိုနေရာများနှင့် ပိုမိုတိုးချဲ့ချိတ်ဆက်ပေးသွားနိုင်ကြောင်း BloombergNEF သုတေသနလုပ်ငန်းမှ စွမ်းအင်ဈေးကွက်သုတေသီ Wei Hanyang က မှတ်ချက်ပြုထား ပါသည်။

တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းကြီးကို အကောင်အထည်ဖော်ဆောင်နေပြီး၊ ကန္တာရမှ လေအားနှင့် နေရောင်ခြည်တို့ဖြင့် လျှပ်စစ် (၁၀၀) ဂဂ္ဂါဝပ်ထုတ်လုပ်သည့် ပထမအဆင့်ကို မကြာသေးမီက စတင်လည်ပတ်နေပြီ ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာ တည်ဆောက်မှုပုံစံနှင့် စွမ်းအင်တည်ဆောက်မှုပုံစံတို့ကို ချိန်ညှိမှု များ တစ်ပြိုင်နက်တည်းမြှင့်တင်ပြုလုပ်နေခြင်းနှင့်အတူ အကြီးစားလေအားနှင့် နေရောင်ခြည်စွမ်းအင် စီမံကိန်း များကို  စီမံကိန်းရေးဆွဲ၍ တည်ဆောက်မှုများကိုလည်း အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

China National Petroleum Corp နှင့် China Petrochemical Corp တို့ အပါအဝင် တရုတ်၏ နိုင်ငံပိုင် ရေနံချက်လုပ်ငန်းကြီးများက ဂိုဘီသဲကန္တာရအပါအဝင် ကန္တာရများ၌ သန့်ရှင်းသော စွမ်းအင်စီမံကိန်းများ ဖွံ့ဖြိုး တည်ဆောက်ရန် စီမံကိန်းများကို ရေးဆွဲလျက်ရှိကြကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ် ၊ China Daily (၁၆-၁၀-၂၀၂၁)

Category: China(Nanning)