China (HongKong)

ပင်လယ်ရေကြောင်းမှ ကုန်ပစ္စည်းတင်ပို့မှု နှုန်းထားများ မြင့်မားလာမှုကြောင့်ပို့ကုန် တင်ပို့သူများအား ထိခိုက်လျက်ရှိခြင်း

Last Updated:

ဖွံဖြိုးပြီးနိုင်ငံများ၌ ၎င်းတို့၏ စက်ရုံများ ပြန်လည်ဖွင့်လှစ်ရန် အဆင့်သင့်ဖြစ်လျက် ရှိသောကြောင့် ကုန်ပစ္စည်း ဝယ်လိုအားများ လျော့ကျလျက်ရှိကြောင်း၊ သို့သော် ကုန်ကြမ်းပစ္စည်း ဈေးနှုန်းများမြင့်တက်မှုနှင့် ပို့ကုန်တင်ပို့သည့် ကုန်ကျစရိတ်များ အလွန်မြင့်မားသောကြောင့် တရုတ်နိုင်ငံမှ ပို့ကုန်တင်ပို့သူများအား ထိခိုက်လျက်ရှိကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Ji Siqi နှင့် Xinlu Liang တို့က “ Soaring sea freight costs hit exporters” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ပို့ကုန်တင်ပို့မှုကုန်ကျစရိတ်မှာ ယခင်နှစ်အနည်းဆုံး ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်လျှင် (၄၀၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ လုပ်ငန်းအမျိုးမျိုးမှ ပို့ကုန်ပစ္စည်းတင်ပို့သည့် ကုန်ကျစရိတ်များမြင့်တက်မှုမှာ ညီမျှမှုမရှိကြောင်း၊ တန်ဖိုးမြင့်မားပြီး ပမာဏသေးငယ်သည့် ကုန် ပစ္စည်းများအတွက် ကုန်တင်ပို့သည့် ကုန်ကျစရိတ်၏ သက်ရောက်မှု နည်းပါးပြီး တန်ဖိုးနည်းပြီး ပမာဏကြီးမားသည့် ကုန်ပစ္စည်းများအပေါ် သက်ရောက်မှုမြင့်မားကြောင်း၊ အလုပ်သမားအင်အားအများအပြား အသုံးပြုထုတ်လုပ်ရသည့် တရုတ်နိုင်ငံထုတ်အရုပ်များနှင့် အခြားသော ခရစ္စမတ်ကုန် ပစ္စည်းများ၏ ဈေးနှုန်းမှာ ယှဉ်ပြိုင်စွမ်းအား မြင့်မားပြီး  သင်္ဘောဖြင့် ကုန်ကျစရိတ် အသက်သာဆုံး ဖြင့်တင်ပို့ကြောင်း၊ သို့သော် လွန်ခဲ့သော (၁၈) လခန့်မှ စတင်၍ ပို့ကုန် တင်ပို့သည့် ကုန်ကျစရိတ်များ မြင့်တက်ခဲ့မှုကြောင့် အချို့သောသွင်းကုန်တင်သွင်းသူများမှာ ၎င်းတို့ဝယ်ယူသည့် ပမာဏ ပြန်လည်လျှော့ချမှုများ စတင်ပြုလုပ်ခဲ့ကြကြောင်း ရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်လာနိုင်ပြီ ဖြစ်သော်လည်း အမေရိကန်နှင့်ဩစတြေးလျနိုင်ငံတို့မှ ဂိမ်းကစားသည့် ပစ္စည်းများ၊ ခရစ္စမတ်ပစ္စည်း အမှာစာများ ပယ်ဖျက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ကုန်ပစ္စည်းတင်ပို့မှုများ လျော့ကျလာကြောင်း၊ ပုံမှန်အားဖြင့် နှစ်စဉ် မေလမှ အောက်တိုဘာလအထိ အလုပ်များသော်လည်း ယခုနှစ်တွင် လုပ်ငန်းဆောင်ရွက်မှု များပြား ခြင်းမရှိကြောင်း၊  ကမ္ဘာ့ကပ်ရောဂါကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်ဝန်းတွင် ပင်လယ်ရေကြောင်းမှ  ကုန်ပစ္စည်းတင်ပို့မှုသာမက ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးသည့် ကွင်းဆက်အပေါ်ဖိအားများဖြစ်ပေါ်စေနိုင်ကြောင်း၊ ၎င်းတို့ရောင်းချမည့်ကုန်ပစ္စည်းများ ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများဈေးနှုန်းမှာ မြင့်မားလျက်ရှိကြောင်း၊ ထုတ်လုပ်သူများ အနေဖြင့် တန်ဖိုးနည်းပါးသည့် ကုန်ပစ္စည်းများ ထုတ်လုပ်မှုအား လျှော့ချလာကြကြောင်း၊ ပို့ကုန်တင်ပို့မှု ကုန်ကျစရိတ်မြင့်မားမှု ကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း တင်ပို့မှုအပေါ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ကမ္ဘာ့ကပ်‌ရောဂါကာလအတွင်း ကုန်ပစ္စည်းတန်ဖိုးမြင့်မားပြီး အရွယ်ပမာဏသေးငယ်သည့် ပစ္စည်းများ တင်ပို့ရောင်းချမှုမှာ ကုန်ပစ္စည်းတန်ဖိုးလျော့နည်းပြီး အရွယ်ပမာဏကြီးမားသည့် ပစ္စည်းများ တင်ပို့ရောင်းချမှုထက် ပိုမိုကောင်းမွန်ကြောင်း၊ ကွန်ပြူတာ၊ ဆက်သွယ်ရေးပစ္စည်းများ လုပ်ငန်း နှင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဆက်စပ် ဆေးဝါးပစ္စည်းများ တင်ပို့မှုမှာ လျင်မြန်စွာ တိုးတက် လာပြီး ကုန်ပစ္စည်းပမာဏ အရွယ်ကြီးမားပြီး တန်ဖိုးလျော့နည်းသည့် ကုန်ပစ္စည်းများတင်ပို့မှုမှာ နှေးကွေး လာကြောင်း၊ ၂၀၂၁ ခုနှစ်၊ နှစ်ဦးပိုင်းနှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံ၏ ပို့ကုန် တင်ပို့မှုမှာ ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ (၂၉၄.၃၂) ဘီလီယံ ရာခိုင်နှုန်းအားဖြင့် (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စက်ဘီးများနှင့် အိမ်အသုံးအဆောင် ပစ္စည်းများ၏ တင်ပို့မှုမှာ လျော့ကျလာ ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် စာရင်းများအရသိရှိရကြောင်း၊ ကုန်တင်ပို့ခ မြင့်မားမှုနှင့် ကွန်တိန်နာများပိတ်ဆို့မှုကြောင့် ခရစ္စမတ်ပစ္စည်းဝယ်ယူသူများမှာ ကြိုတင်မှာယူလာကြကြောင်း၊ တရုတ်နိုင်ငံမှ ပို့ကုန်များ မြင့်တက်လာနိုင်သည့် လက္ခဏာများရှိကြောင်း ရေးသားဖော်ပြထားပါ သည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ဟောင်ကောင်မြို့)

Category: China (HongKong)