China(Nanning)

ပထမလအတွင်း စီးပွားရေးအကျိုးကျေးဇူးများ ဖြစ်ပေါ်ခဲ့သည့် တရုတ်-လာအို ရထားလမ်း

Last Updated:

 တရုတ်-လာအို ရထားလမ်းစတင်ပြေးဆွဲသည့် ပထမလအတွင်းမှာပင် ခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အကျိုးကျေးဇူးများဖြစ်ထွန်းနေကြောင်း သိရပါသည်။ (၁,၀၃၅) ကီလိုမီတာရှည်လျားပြီး၊ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ဆက်သွယ်ထားသည့် ၎င်းမီးရထားလမ်းကို အသုံးပြု၍ ပထမ တစ်လအတွင်းမှာပင် ခရီးသည်ဦးရေ (၆၇၀,၀၀၀) ဦးနှင့် ကုန်သေတ္တာတန်ချိန် (၁၇၀,၀၀၀) ကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။

လာအိုနိုင်ငံ၊ Vang Vieng ရှိ  Vang Vieng  ဘူတာတွင် တရုတ်-လာအို ရထားလမ်းကို အသုံးပြုနေသည့် ခရီးသည်များ၏ ပုံ (ဓာတ်ပုံရင်းမြစ် - Xinhua/ Li Huan)

 

၎င်းရထားလမ်းပိုင်းတွင် တရုတ်ဘက်မှ ရထားတွဲအစုံအရေအတွက် (၃၁.၅) တွဲဖြင့် ချိတ်ဆက်ထားပြီး၊ နေ့စဉ်အသုံးပြုနေသည့်ဦးရေမှာ (၁၉,၀၀၀) ခန့်ရှိခဲ့ရာမှ (၃၃,၀၀၀) ခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံဘက်၌ ၎င်းရထားလမ်းပိုင်းကို တစ်လအတွင်း အသုံးပြုနေသူဦးရေ (၆၂၀,၀၀၀) ရှိခဲ့ကြောင်း၊ လာအိုဘက် ပိုင်းတွွင်လည်း ရုံးပိတ်ရက်များနှင့် အားလပ်ရက်များတွင် ၎င်းမီးရထားကို အသုံးပြုသူများပြားပြီး၊ တစ်လအတွင်း အသုံးပြုသူဦးရေ (၅) သောင်းရှိခဲ့ကြောင်း သိရ ပါသည်။

၎င်းမီးရထားလမ်းကြောင့် တရုတ်နှင့် လာအိုတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ပြီး၊ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုနိုင်ငံကို ကုန်းတွင်းမှ ချိတ်ဆက်ပေးထားသည့် အချက်အချာနိုင်ငံအဖြစ်သို့ အသွင်ပြောင်းလဲစေခဲ့ကာ၊ ပြည်တွင်းခရီးသွားကဏ္ဍကိုမြှင့်တင်ပေး၍ နှစ်နိုင်ငံပြည်သူများအကြား အကျိုး ကျေးဇူးများဖြစ်ပေါ်စေလျက် ရှိပါသည်။

ရထားလမ်းကြောင့် ရေရှည်တွင် လာအိုနိုင်ငံ၏ စုစုပေါင်းဝင်ငွေတွင် (၂၁) ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည့် အလားအလာရှိကြောင်း၊ ကုန်းတွင်းမှ ကမ္ဘာလုံး ဆိုင်ရာနှင့် ဒေသတွင်းဆိုင်ရာ ကုန်ထုတ်လုပ်မှုကွင်းဆက်များနှင့် ချိတ်ဆက်ထားသဖြင့် ရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်ခြင်း၊ အလုပ်အကိုင်များ ပိုမိုဖန်တီး နိုင်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုအရှိန်ရလာနိုင်ခြင်းကဲ့သို့ အခွင့်အလမ်းများဖြစ်ပေါ်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။

ရထားလမ်းကြောင့် ယူနန်ပြည်နယ်ရှိ Pu'er နှင့် Xishuangbanna သို့ ခရီးသွားလာမှုများမှာ တစ်လအတွင်း (၉၂.၄) ရာခိုင်နှုန်းနှင့် (၅၉.၉) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါသည်။

၎င်းရထားလမ်းမှ ကုန်တင်ပို့လျှင် ကူမင်းနှင့် ဗီယန်ကျင်းအကြား ကြာမြင့်ချိန်မှာ နာရီ (၃၀) သာရှိတော့သည့်အတွက်  ပြီးခဲ့သည့်တစ်လအတွင်း အပြည်ပြည်ဆိုင်ရာ ကုန်တင်ရထား (၇၀) အပါအဝင် ကုန်သေတ္တာတင်ရထားပေါင်း (၃၈၀) စင်း ပြေးဆွဲခဲ့ရကြောင်း၊ ကုန်တန်ချိန် (၅) သောင်း သယ်ယူပို့ဆောင်ပေးခဲ့ကြောင်းနှင့် သယ်ယူပို့ဆောင်ပေးခဲ့သည့် ကုန်စည်များတွင် ရာဘာ၊ ဓာတ်မြေဩဇာ၊ နိစ္စဓူဝသုံး လူသုံးကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ photovoltaic ပစ္စည်းများ၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၊ မိုဘိုင်းလ်ဖုန်းများ၊ အထည်အလိပ်များ၊ ဟင်းသီးဟင်းရွက်များနှင့် ပန်းများပါဝင်ကြောင်း  သိရပါသည်။ 

အနာဂတ်တွင် တရုတ်-လာအိုရထားလမ်းသည် အရှေ့တောင်အာရှနှင့် ဥရောပအကြား ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် အဓိကလမ်းကြောင်း ဖြစ်လာနိုင်ဖွယ်ရှိ နေကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Xinhua (၂၇-၁၂-၂၀၂၁)

Category: China(Nanning)