India (Delhi)

ပို့ကုန်အာမခံရုတ်သိမ်းခြင်းက အိန္ဒိယကုန်သည်များအတွက် အခက်အခဲဖြစ်ပေါ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ပြည်ပသို့တင်ပို့သည့် ကုန်စည်များအတွက် ကြွေးမြီအာမခံချက်ထုတ်ပေးရေး ဝန်ဆောင်မှုကို လုပ်ကိုင်လျက်ရှိသော နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် ပို့ကုန်ကြွေးမြီအာမခံကော်ပိုရေးရှင်း (Export Credit Guarantee Corporation- ECGC) သည် ၂၅-၂-၂၀၂၂ နေ့မှစတင်၍ ရုရှားနိုင်ငံသို့ ကုန်စည်များတင်ပို့မှုအပေါ် ဝန်ဆောင်မှုပေးခြင်းအား ရုတ်သိမ်းခဲ့ပါ သည်။

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား ပဋိပက္ခဖြစ်ပေါ်နေချိန်၌ ရှေ့လာမည့် စီးပွားရေးရာ လေ့လာဆန်းစစ်ချက်များအပေါ် အခြေပြုလျက် ၎င်းတို့အနေဖြင့် ရုရှားနိုင်ငံအတွက် သတ်မှတ်ထားရှိသည့် ကာလတို၊ ကာလလတ်နှင့် ကာလရှည် ဘေးအန္တရာယ် စွန့်စားရမှုအဆင့်အတန်းကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ရုရှားသို့ ကုန်စည်တင်ပို့မှုအတွက် အာမခံဝန်ဆောင်မှုများ ရုတ်သိမ်းမှုသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ စတင်သက်ရောက်မည်ဖြစ်ကြောင်းဖြင့် ECGC ၏ သတင်းထုတ်ပြန်ချက်၌ ဖော် ပြပါသည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအသင်းချုပ် (FIEO) မှ ညွှန်ကြားရေးမှူးချုပ် Mr. Ajay Sahai က ECGC ၏ ထိုကဲ့သို့ ရုတ်ချည်း ဆောင်ရွက်မှုသည် ပို့ကုန်လုပ်ငန်းအသိုင်းအဝိုင်းအပေါ် အနှောင့်အယှက်ကြီးမားစွာ ဖြစ်ပေါ်စေကြောင်း၊ အိန္ဒိယဆိပ်ကမ်းများ၌ ရောက်ရှိနေသော အကောက်ခွန်ရှင်းလင်းမှုလုပ်ငန်း ဆောင်ရွက်ထားပြီးဖြစ်သည့် အချို့သော ကုန်သေတ္တာများအပါအဝင် ရုရှား နိုင်ငံသို့တင်ပို့မည့် ကုန်စည်များစွာသည် ပို့ကုန်အာမခံ အထောက်အပံ့ရရှိနိုင်တော့မည် မဟုတ်ကြောင်းဖြင့် ပြောကြားပါသည်။

အိန္ဒိယ လက်မှုကိရိယာလုပ်ငန်းများအသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. S C Ralhan ကလည်း လက်ရှိ ရုရှား- ယူကရိန်း ပဋိပက္ခကာလ တွင် ရုရှနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်ဖိုးငွေများအား အမေရိကန်ဒေါ်လာဖြင့် ပေးချေနိုင်မှုမရှိသဖြင့် အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များအတွက် စွန့်စားရမှုများရှိနေကြောင်း၊ အကယ်၍ ပေးချေရန်ကျန်ရှိသော ကုန်ဖိုးငွေများအတွက် ရုရှားနိုင်ငံရှိ ကုန်သည်များက အိန္ဒိယရူပီးငွေ သို့မဟုတ် ရုရှရူဘယ်ငွေကြေးဖြင့် စာရင်းရှင်းလင်းရန် လိုလားမှုရှိပါက အိန္ဒိယအစိုးရအနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း ပြောဆိုပါသည်။ 

ပထဝီနိုင်ငံရေးရာ မသေချာမရေရာမှုများကြောင့် MSC, Maersk နှင့် Hapag-Llyod စသည့် အထင်ကရကုမ္ပဏီကြီးများအပါအဝင် ကုန်စည်သယ်ယူပို့ဆောင်ရေး သင်္ဘောလိုင်းများကလည်း ရုရှနိုင်ငံနှင့် ယူကရိန်းနိုင်ငံသို့ တင်ပို့မည့်ကုန်စည်များအတွက် ကုန် သေတ္တာပံ့ပိုးမှုနှင့် ကြိုတင်စာရင်းပေးသွင်းမှုများကို ရပ်ဆိုင်းခဲ့ကြသည်ဟု အနောက်ဘင်္ဂလားပြည်နယ် အကောက်ခွန် ကိုယ်စား လှယ်များအသင်း၏ ဥက္ကဋ္ဌ Mr. Sujit Chakraborty က PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

ECGC ၏ ပို့ကုန်အာမခံရုတ်သိမ်းမှုနှင့် အမေရိကန်၊ ဥရောပနှင့် အခြားနိုင်ငံများ၏ ရုရှားဘဏ်လုပ်ငန်းများသို့ ပိတ်ဆို့အရေးယူမှု တို့က ရုရှနှင့် လွတ်လပ်သော ဓနသဟာယအဖွဲ့ (CIS) နိုင်ငံများသို့ တင်ပို့လျက်ရှိသည့် အိန္ဒိယ ပို့ကုန်တန်ဖိုး ဒေါ်လာသန်း ၅၀၀ ခန့်အပေါ် သက်ရောက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ရုရှနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၅ ဘီလီ ယံနှင့် CIS နိုင်ငံများသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့်ကို နှစ်စဉ်တင်ပို့လျက်ရှိသည်။ CIS နိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်အများစုသည် ရုရှနိုင်ငံမှတစ်ဆင့် ဖြတ်သန်းတင်ပို့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ကုန်သေတ္တာငှားရမ်းမှု စရိတ်များအား လွန်ခဲ့သော ၁ နှစ်ကာလကထက် ၈၁% ခန့် မြင့်တက်မှုနှင့် ကြုံတွေ့နေရသည့် အိန္ဒိယကုန်သည်များအနေဖြင့် သယ်ယူပို့ဆောင်မှု စရိတ်စကများ ထပ်မံမြင့်တက်လာမည့် အရေးအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. ECGC withdraws coverage for shipments to Russia; huge setback for exporters, 26-2-2022, Economic Times

                   2. Shippers stop booking cargo for Russia, Ukraine, 26-2-2022, Economic Times

                   3. Cloud over $500 million exports to Russia, CIS countries, 28-2-2022, Economic Times

 

Category: India (Delhi)