India (Delhi)

ပဲတင်ပို့သည့် ကုန်သွယ်ဘက်နိုင်ငံများနှင့် ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိကြောင်း အိန္ဒိယစားသုံးသူရေးရာဌာန အတွင်းဝန်က ပြောကြား

Last Updated:

ရန်ကုန်မြို့ရှိ OATA Myanmar ကုန်သည်အသင်း၏ စီစဉ်မှုဖြင့် ၇-၁-၂၀၂၂ နေ့တွင်ကျင်းပသော ပဲစင်းငုံနှင့် မတ်ပဲတင်ပို့မှု ရှေ့အလားအလာဆိုင်ရာဆွေးနွေးပွဲသို့ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လျက် အမှာစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာနမှ အရန်အတွင်းဝန် Ms. Nidhi Khare က အိန္ဒိယအစိုးရအနေဖြင့် ပဲမျိုးစုံတင်ပို့သည့် ကုန်သွယ်ဘက်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင် ရွက်လျက်ရှိကြောင်း ပြောဆိုခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် Ms. Nidhi Khare က အိန္ဒိယပြည်တွင်းဈေးကွက်၌ ရောင်းလိုအားနှင့် ဝယ်လိုအားကွာဟမှုအရ မတ်ပဲနှင့် ပဲစင်းငုံတို့ကို ပြည်ပမှ တင်သွင်းရ လျက်ရှိရာ မြန်မာနိုင်ငံသည် ၎င်းပဲများအား အဓိကဝယ်ယူတင်သွင်းရသည့် ကုန်သွယ်ဘက်နိုင်ငံဖြစ်ကြောင်း၊ ၂၀၁၉-၂၀ ခုနှစ်နှင့် ၂၀၂၀-၂၁ ခုနှစ်တို့တွင် အိန္ဒိယ၏ မြန်မာနိုင်ငံထံမှ မတ်ပဲဝယ်ယူမှုမှာ တင်သွင်းမှုစုစုပေါင်း၏ ၆၉% နှင့် ၉၈% အသီးသီးရှိကြောင်း၊ အလားတူ အဆိုပါနှစ်များအတွင်း မြန်မာနိုင်ငံထံမှ ပဲစင်းငုံ ဝယ်ယူမှု သည်လည်း စုစုပေါင်းတင်သွင်းမှု၏ ၃၂% နှင့် ၂၈% အသီးသီးရှိကြောင်း၊ အိန္ဒိယဈေးကွက်၌ မြန်မာနိုင်ငံထံမှ ပဲများအား ဝယ်ယူတင်သွင်းလိုမှုမှာ မြင့်တက်လျက်ရှိ ကြောင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ၅ နှစ် သက်တမ်းရှိသော မတ်ပဲနှင့် ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၌ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုသို့ MoU ရေးထိုးမှုသည် အရေးပါသည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး အိန္ဒိယပြည်တွင်း၌ ကုန်စည်လွယ်ကူစွာ ရရှိစေမည်ဖြစ် သကဲ့သို့ တင်ပို့ရာမိတ်ဖက်နိုင်ငံရှိ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ဝင်ငွေရရှိမှု ကိုလည်း သေချာခိုင်မာစေမည်ဖြစ်ကြောင်း၊ အဆိုပါစာချွန်လွှာအရ ယခု ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံထံမှ မတ်ပဲ တန်ချိန် ၂.၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ကို တင်သွင်းရာတွင် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်း ရှင်းလင်းမှုအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဌာနမှ ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် မိတ္တူကို အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သို့ ပေးပို့ရမည်ဖြစ်ပြီး သီးနှံကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပြည်တွင်း၌ လက်လီ ဈေးနှုန်းများ တည် ငြိမ်မှုရှိစေရန် အိန္ဒိယအစိုးရအနေဖြင့် မတ်ပဲနှင့်ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကို ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ဖြေလျော့ပေးထား ကြောင်း၊ လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း နိုဝင်ဘာလအထိ မြန်မာနိုင်ငံထံမှ မတ်ပဲဝယ်ယူတင်သွင်းထားရှိမှုမှာ တန်ချိန် ၃.၅၃ သိန်းရှိပြီး စုစုပေါင်း မတ်ပဲတင်သွင်းမှု ၏ ၈၈% ရှိကြောင်း၊ ပဲစင်းငုံကိုမူ မြန်မာနိုင်ငံထံမှ တန်ချိန် ၁.၁၇ သိန်း တင်သွင်းထားပြီး ၎င်းပမာဏသည် စုစုပေါင်း ပဲစင်းငုံတင်သွင်းထားရှိမှု၏ ၂၄% ရှိကြောင်း၊ ရှေ့လာမည့်ကာလများ၌ မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန် ၆ သိန်းမှ ၇ သိန်းအထိ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ဖွယ်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအကြား ပဲမျိုးစုံကုန်သွယ်မှုမှာ ကျေနပ် အားရဖွယ်ရှိကြောင်း စသည်ဖြင့် ပြောကြားပါသည်။

အိန္ဒိယပြည်တွင်း၌ မတ်ပဲစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၉-၂၀ ခုနှစ်တွင် တန်ချိန် ၂၀.၈ သိန်းနှင့် ၂၀၂၀-၂၁ ခုနှစ်၌ တန်ချိန် ၂၃.၄ သိန်းရှိကြောင်း၊ ပြည်ပမှ မတ်ပဲတင် သွင်းမှုမှာ ၂၀၁၉-၂၀ ခုနှစ် တွင် တန်ချိန် ၃.၁၂ သိန်းရှိပြီး ၂၀၂၀-၂၁ ခုနှစ်၌ တန်ချိန် ၃.၃၅ သိန်းသို့ တိုးတက်လာခဲ့ကြောင်း၊ ပြည်တွင်း၌ မတ်ပဲ ၁ ကီလိုဂရမ်၏ ပျမ်းမျှလက်လီဈေးနှုန်းမှာ ၂၀၂၀-၂၁ ခုနှစ်၌ ၁၀၄.၄၉ ရူပီးရှိရာ မှ ၂၀၂၁-၂၂ ခုနှစ်တွင် ၁၀၇.၇၄ ရူပီးသို့ မြင့်တက်ခဲ့ကြောင်း၊ ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၂၀-၂၁ ခုနှစ်တွင် တန်ချိန် ၃၈.၉ သိန်းရှိရာမှ ၂၀၂၁-၂၂ ခုနှစ်၌ တန်ချိန် ၄၂.၈ သိန်းသို့ တိုးတက် လာကြောင်း၊ ပြည်ပမှ ပဲစင်းငုံတင်သွင်းမှုမှာ ၂၀၁၉-၂၀ ခုနှစ်တွင် တန်ချိန် ၄.၅ သိန်းရှိပြီး ၂၀၂၀-၂၁ ခုနှစ်၌ တန်ချိန် ၄.၄၈ သိန်းရှိကြောင်း၊ ပြည်တွင်းဈေးကွက်၌ ပဲစင်းငုံ ၁ ကီလိုဂရမ်၏ ပျမ်းမျှ လက်လီဈေးနှုန်းသည်လည်း ၂၀၂၀-၂၁ ခုနှစ်၌ ၉၉.၅၇ ရူပီးရှိရာမှ ၂၀၂၁-၂၂ ခုနှစ်တွင် ၁၀၅.၈၁ ရူပီးသို့ မြင့်တက်လာခဲ့ကြောင်း အိန္ဒိယစားသုံးသူရေးရာ အတွင်းဝန် Ms. Nidhi Khare ပြောဆိုမှု အရ သိရှိရပါသည်။

၂၀၂၂ ခုနှစ် မတ်လနောက်ပိုင်း၌ မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်မူဝါဒကို ဆက်လက်ဖော်ဆောင်နိုင်ချေ ရှိ/ မရှိ အလားအလာနှင့်ပတ်သက်၍ မေးမြန်းမှု အပေါ် အိန္ဒိယအစိုးရအနေဖြင့် စောင့်ကြည့်ကြပ်မတ်မှုယန္တရားစနစ်ဖြင့် ပြည်တွင်းဈေးနှုန်း တည်ငြိမ်မှုရှိစေရေး ဆောင်ရွက်လျက်ရှိရာတွင် ဈေးကွက်အခြေအနေ အပေါ်မူတည်၍ သင့်လျော်သည့်အစီအစဉ်ကို ချမှတ်လုပ်ဆောင်ကြောင်း၊ အခြားတစ်ဖက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများအရ အိန္ဒိယသို့ ပဲတင်ပို့မှုလုပ်ငန်းများမှာ ကြန့်ကြာမှုများရှိနေခဲ့ကြောင်း၊ သို့ဖြစ်ရာ လက်ရှိမူဝါဒမှာ ကာလတို၌ ဆောင်ရွက်ချက်ဖြစ်ပြီး ကာလရှည်တွင် ကွဲပြားခြားနားမှုရှိ သည့် မူဝါဒဖော်ဆောင်မှု ရှိနိုင်ကြောင်းဖြင့် Ms. Nidhi Khare က ဖြေကြားပါသည်။

ကုန်သွယ်ဘက်နိုင်ငံများ၌ စိုက်ပျိုးထုတ်လုပ်ရန် ကြိုတင်ပြင်ဆင်ချိန် လုံလောက်စွာရရှိနိုင်ရေးအတွက် အိန္ဒိယဘက်မှ ပဲတင်သွင်းခွင့်မူဝါဒများအား ၆ လကြိုတင်၍ ထုတ်ပြန်နိုင်ချေ ရှိ/ မရှိ မေးမြန်းချက်အပေါ် အိန္ဒိယစားသုံးသူရေးရာဌာန အတွင်းဝန်က အိန္ဒိယအစိုးရအနေဖြင့် မူဝါဒ ချမှတ်မှုကို ပိုမိုနည်းဗျူဟာကျစွာ လုပ်ဆောင် ရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြည်တွင်းရှိ တောင်သူများ၏ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း၊ လက်ရှိကာလ၌ ဈေးနှုန်းစောင့်ကြည့် ကြပ်မတ်ရေး ဗဟိုဌာနပေါင်း ၁၇၉ ခုဖြင့် ဈေးကွက်အချက်အလက်များကို လေ့လာပြုစုလျက် သင့်လျော်မည့်လုပ်ငန်းအစီအမံများ ချမှတ်မှုကို လုပ်ကိုင်လျက်ရှိကြောင်း၊ ၆ လ ကြိုတင်၍ မူဝါဒထုတ်ပြန်နိုင်မည်ဟု ပြောဆိုနိုင်ခြင်းမရှိသော်လည်း AI နည်းပညာရပ်များကို အသုံးပြုလာနိုင်သည်နှင့်အမျှ တိကျသေချာသည့် ခန့်မှန်းချက်များကို ထုတ်ဖော်ဆောင်ရွက်မှုကာလကို ၂ လခန့်အထိ လျော့ချနိုင်ဖွယ်ရှိကြောင်းဖြင့် ပြောကြားပါသည်။

အိန္ဒိယနိုင်ငံ၌ လူဦးရေနှင့် စီးပွားရေး တိုးတက်လာမှုနှင့် ပြည်တွင်းစားသုံးရန် ပဲလိုအပ်ချက်တို့ကို ဟန်ချက်ညီရှိစေရေးအတွက် ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးသည့်အပြင် အဓိကကုန်သွယ်ဘက်နိုင်ငံများနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်း၊ အာဖရိကဒေသရှိ တန်ဇန်နီး ယား၊ ဆူဒန်၊ ကင်ညာ စသည့်နိုင်ငံများ၊ ယခင် ဆိုဗီယက် ပြည်ထောင်စု၌ ပါဝင်ခဲ့သော နိုင်ငံများနှင့် ကနေဒါကဲ့သို့ ပဲစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများထံမှ ဝယ်ယူတင်သွင်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပ၌ ရောက်ရှိနေထိုင်လျက်ရှိသော အိန္ဒိယ နွယ်ဖွား လုပ်ငန်းရှင်များကလည်း ၎င်းနိုင်ငံများတွင် အိန္ဒိယသို့ တင်ပို့မည့်ပဲများ စိုက်ပျိုးထုတ် လုပ်မှုကို ကူညီလုပ်ဆောင်ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့် MoU ပါ မတ်ပဲကိုတာပမာဏကို တိုးမြှင့်ပေး နိုင်ဖွယ် ရှိ/ မရှိ ဟူသော  မေးခွန်းအတွက် အိန္ဒိယပြည်တွင်း၌ ဝယ်လိုအားအပေါ် ဖြည့်ဆည်းပေးနိုင်မှု ကွာဟချက်ရှိနေသည်နှင့်အမျှ တင်သွင်းမည့်ပမာဏသည် လည်း တိုးမြင့်လာဖွယ်ရှိသည်ဟု ဆိုနိုင်‌ကြောင်း၊  ပဲမျိုးစုံဝယ်လိုအား တိုးတက်မှုအတွက် သင့်တင့်သည့်ဈေးနှုန်းဖြင့် ကုန်စည်များရလွယ်နိုင်မှု သေချာခိုင်မာစေရေး သည် အိန္ဒိယအတွက် သတိပြုဆောင်ရွက်ရမည့် အချက်ပင်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ပဲမျိုးစုံတင်ပို့သည့် အဓိကနိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံ မှု ပိုမိုတိုးတက်ခိုင်မာကောင်းမွန်ရေးကို မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် Ms. Nidhi Khare က ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Webinar on Tur and Urad Outlook for India and Myanmar held by OATA Myanmar at 16:00 IST on 7th Jan 2022

Category: India (Delhi)