India (Delhi)

ပဲတီစိမ်းတင်သွင်းမှုအပေါ် အိန္ဒိယအစိုးရက ကန့်သတ်ချက်များဖြင့် ဖြေလျော့ပေးခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း HS Code 07133190 အောက်ရှိ ပဲတီစိမ်းများအား ၃၁-၃-၂၀၂၂ နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုလျက် ၎င်းနေ့ရက်မတိုင်မီ တင်ပို့ရာဆိပ်ကမ်းမှ Bill of Lading ထုတ်ပေးခဲ့ပါက အိန္ဒိယဆိပ်ကမ်းများတွင် အကောက်ခွန်နှင့် ဆိပ်ကမ်းရှင်းလင်းမှုလုပ်ငန်းများ ကို ၃၀-၆-၂၀၂၂ နေ့အထိ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ၂၀-၁၂-၂၀၂၁ နေ့၌ ကြေညာချက်ထုတ်ပြန်ထားခဲ့ပါသည်။ သို့ရာတွင် ပဲတီစိမ်းအား ကန့်သတ်တင်သွင်းခွင့်ပြုသည့် ကုန်စည် အဖြစ်သို့ မူဝါဒပြင်ဆင်သတ်မှတ်ကြောင်းနှင့် ကြေညာချက်ထုတ်ပြန်ချိန်မှ လက်ငင်းအကျိုးသက်ရောက် မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအမှတ် S.O. 624 (E) ကို ၁၁-၂-၂၀၂၂ နေ့တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ယခုအခါ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဌာန (DGFT) သည် ၁၁-၂-၂၀၂၂ နေ့မတိုင်မီ စာချုပ်ချုပ်ဆိုထားရှိသော အိန္ဒိယသို့ ပဲတီစိမ်း တင်သွင်း မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ၂၈-၂-၂၀၂၂ ရက်နေ့တွင် ကုန်သွယ် ရေးအသိပေးချက်အမှတ် 37/2021-22 ဖြင့် လက်အောက်ဌာနများနှင့် အကောက်ခွန်ကော်မရှင်နာရုံး များသို့ ထုတ်ပြန်အကြောင်းကြားခဲ့ပါသည်။

အဆိုပါ ညွှန်ကြားစာတွင် အိန္ဒိယအစိုးရ၏ အမိန့်ကြော်ငြာစာအမှတ် S.O. 624(E) ထုတ် ပြန်မှုအပေါ် ၁၁-၂-၂၀၂၂ နေ့မတိုင်မီ ပဲတီစိမ်းတင်သွင်းရန် စာချုပ်ချုပ်ဆိုထားရှိပြီး ကုန်ဖိုးငွေ အပြေပေးချေပြီးမှု၊ တစ်ပိုင်းတစ်စပေးချေထားရှိမှုနှင့် စာချုပ်စာတမ်းများအရ ငွေပေးချေရန်ကျန် မှုများ ဖော်ပြပါရှိသည့် နယ်ပယ်အသီးသီးထံမှ တောင်းဆိုချက်များကို လက်ခံရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အတွင်း ပဲတီစိမ်းများအား တင်သွင်းရန် စာချုပ်ချုပ်ဆိုထားရှိမှုနှင့်စပ်လျဉ်း၍ DGFT သည် အောက်ပါ စည်းကမ်းချက်များနှင့်အတူ တင်သွင်းခွင့်ပြုရန် ဖြေလျော့ပေးလိုက်ကြောင်း ဖော်ပြထားပါသည်-

(က)  တင်သွင်းခွင့်ရရှိမည့် ပမာဏသည် ၁၁-၂-၂၀၂၂ နေ့မတိုင်မီ ကြိုတင်ပေးချေထားသည့် ကုန်စည် တန်ဖိုးနှင့် အချိုးကျ ညီညွတ်မှုရှိရမည်။ အကယ်၍ စာချုပ်ပါ အရေအတွက်အတိုင်း ကုန်ဖိုးငွေ အပြည့် အဝပေးချေပြီးပါက ၎င်းပမာဏအတိုင်း တင်သွင်းခွင့်ရမည်ဖြစ်သည်။ အကယ်၍ တစ်ပိုင်းတစ်စသာ ငွေပေးချေပြီးပါက ၎င်းကြိုတင်ငွေနှင့် အချိုးညီသည့် ကုန်စည်ပမာဏကိုသာ ခွင့်ပြုရန် ကန့်သတ်သည်။

(ခ)    စာရွက်စာတမ်း အထောက်အထားများ တင်သွင်းရာတွင် ငွေပေးချေထားကြောင်း သက်သေခံမည့် အရောင်းစာချုပ်၊ ကုန်အမှာစာ၊ ငွေလက်ခံရှိသည့်ဘဏ်မှ ထုတ် ပေးသော SWIFT transaction စနစ်ဖြင့် ငွေပေးပြေစာနှင့် အခြားလိုအပ်သော စာရွက်စာတမ်းများ ပါရှိရမည်။

(ဂ)    ပဲတင်သွင်းရန်စာချုပ်များသည် အမိန့်ကြော်ငြာစာအမှတ် S.O. 624 (E) ထုတ်ပြန်သည့်နေ့ မတိုင်မီ ချုပ်ဆိုထားခြင်းဖြစ်ရမည်။ ထို့အပြင် ငွေပေးချေမှုသည်လည်း ၁၁-၂-၂၀၂၂ နေ့မတိုင်မီ ဆောင်ရွက်ထား ခြင်း ဖြစ်ရမည်။

(ဃ) အချိုးကျတင်သွင်းမည့် ကုန်စည်ပမာဏသည် အဆိုပါအမိန့်ကြော်ငြာစာ ထုတ်ပြန်မှုမတိုင်မီ အကျိုး သက်ရောက်မှုမရှိကြောင်း တင်သွင်းခွင့်လျှောက်ထားသူက တာဝန်ယူရမည်။

(င) ယခုကဲ့သို့တင်သွင်းရန် ခွင့်ပြုချက်သည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ၃၁-၃-၂၀၂၂ နေ့ မတိုင်မီ သို့မဟုတ် ၎င်းနေ့ရက်နောက်ဆုံးထား၍ ထုတ်ပေးသော ကုန်ပို့လွှာ (Bill of Lading) အတွက်သာ ဖြစ်ရမည်။ သက်တမ်းတိုးမြှင့်ပေးရန် မည်သည့်တောင်းဆိုမှုကိုမျှ လက်ခံစဉ်းစားမည်မဟုတ်ပါ။

အိန္ဒိယရှိ ပဲတီစိမ်းတင်သွင်းသည့် ကုန်သည်များအနေဖြင့် အထက်ဖော်ပြပါ အရောင်းအဝယ်စာချုပ်များ အတွက် Delhi, Mumbai, Kolkata, Chennai, Bengaluru, Hyderabad, Ahmedabad နှင့် Ludhiana တို့ရှိ DGFT ဒေသဆိုင်ရာရုံးများတွင် ၁၅-၃-၂၀၂၂ နေ့ နောက်ဆုံးထား၍ မှတ်ပုံတင်စာရင်းပေးသွင်းရ မည်ဖြစ်ပြီး ၎င်းရုံးများအနေဖြင့် အချက်အလက် ပြည့်စုံသည့် အမှုတွဲအား လက်ခံရရှိချိန်မှ ၃ ရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးမည်ဖြစ်ပါသည်။

ယခင်လ၌ အိန္ဒိယအစိုးရက ပဲတီစိမ်းတင်သွင်းခွင့်မူဝါဒ ပြောင်းလဲချမှတ်ချိန်တွင် မြန်မာနိုင်ငံကဲ့သို့သော ပင်ရင်းဒေသများမှ ပဲတီစိမ်းတန်ချိန် ၅၀,၀၀၀ ခန့်မှာ မတ်လ ၃၁ ရက်နေ့အတွင်း အိန္ဒိယသို့ တင်ပို့ရန် ပြင်ဆင်ထားရှိပြီးဖြစ်သည်ဟု အိန္ဒိယ ပဲကုန်သည်အသိုင်းအဝိုင်း၌ ပြောဆိုကြကြောင်း၊ ယခင် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ပဲတီစိမ်းတင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၇.၁၄ သန်းရှိပြီး ယခု ဘဏ္ဍာနှစ်တွင် ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၇၆.၉ သန်း အထိ ပဲတီစိမ်းများ တင်သွင်းထားပြီးဖြစ်ကြောင်းဖြင့် အိန္ဒိယ Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Trade Notice No: 37/2021-22 dated 28th February 2022 of the Directorate General of Foreifn Trade of India

                   2. Relief for moong importers as DGFT relaxes policy to permit shipments, 1-3-2022, The Hindu Business Line

Category: India (Delhi)