Germany

ပြင်သစ်နိုင်ငံက ဂျာမနီနိုင်ငံသို့ ဓါတ်ငွေ့များစတင်ပို့ဆောင်

Last Updated:

ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား ကနဦးဆွေးနွေးသဘောတူညီချက်များအရ နှစ်နိုင်ငံအကြား ဓါတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ဂျာမနီနိုင်ငံက ပြင်သစ်နိုင်ငံသို့ သဘာဝဓါတ်ငွေ့ပေးဝေရန် သဘောတူညီမှုရှိခဲ့ကြပါသည်။ ယခုအခါ ပြင်သစ်နိုင်ငံသမ္မတ Mr. Emmanuel Macron  နှင့် ဂျာမနီ နိုင်ငံဝန်ကြီးချုပ် Mr. Olaf Scholz တို့သည် စက်တင်ဘာလအတွင်းက စွမ်းအင်ကဏ္ဍအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပူးပေါင်းဆောင် ရွက်မှု သဘောတူညီမှုတစ်ခုကို ဆွေးနွေးရရှိခဲ့ကြပါသည်။ နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများအရ မူလအစီအစဉ်ကို ပြန်လည်ပြင်ဆင်၍ ပိုက် လိုင်းအတွင်း နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး ပြင်သစ်နိုင်ငံဘက်ကစတင်၍ ပထမဦးဆုံးအကြိမ်အဖြစ် ဂျာမနီနိုင်ငံ ဘက်သို့ ၁၃.၁၀.၂၀၂၂ ရက်နေ့တွင် ဓါတ်ငွေ့စတင်ပို့ဆောင်ခဲ့ပါသည်။

ဥရောပဓါတ်ငွေ့ပေးဝေမှု ဦးဆောင်ကုမ္ပဏီကြီးဖြစ်သည့် GRTgaz က ပြင်သစ်နိုင်ငံအနေဖြင့် အီးယူဒေသတွင်း အကျပ်အတည်းကြုံတွေ့နေရချိန် တွင် အိမ်နီးချင်းနိုင်ငံအချင်းချင်း ပေါင်းစည်းညီညွတ်မှုကို ဓါတ်ငွေ့တိုက်ရိုက်ပို့ဆောင်ခြင်းဖြင့် ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ပြင်သစ်နိုင်ငံသမ္မတ Mr. Emmanuel Macron ကလည်း မိမိတို့ အီးယူနိုင်ငံအချင်းချင်း ညီညွတ်မှုမရှိလျှင် ကြီးမားသည့်အခက်အခဲ ဆုံးရှုံးမှုများနှင့် တွေ့ကြုံရနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။

ပြင်သစ်နိုင်ငံသည် မူလကပင် ရုရှားနိုင်ငံမှစွမ်းအင်တင်သွင်းမှုအပေါ် ဂျာမနီနိုင်ငံကဲ့သို့ များစွာမှီခိုခဲ့ခြင်းမရှိသော်လည်း နိုင်ငံတွင်းရှိ နျူကလီးယား ဓါတ်ပေါင်းဖို(nuclear reactors) (၅၆) ခု၏ ထက်ဝက်ခန့်သည် ပြုပြင်ထိန်းသိမ်းမှု သို့မဟုတ် လုံခြုံရေးအရစစ်ဆေးမှုများပြုလုပ်နေသည့် အခြေ အနေတွင် ရှိနေပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံမှ ဓါတ်ငွေ့ပို့ဆောင်မှုဖြင့် လျှပ်စစ်ဓါတ်အားထုတ်ယူရရှိနိုင်ပြီး ပြင်သစ်နိုင်ငံ ပါဝါဂရစ် လိုင်းများဘက်သို့လည်း ပြန်လည်ပို့ဆောင်နိုင်ရန် စီစဉ်ထားရှိပါသည်။ အဆိုပါလျှပ်စစ်ဓါတ်အားကို ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်ဒေသ ကို ဖြတ်သန်း၍ တစ်နေ့လျှင် (၃၁) gigawatt-hours စီးဆင်းပို့ဆောင်နိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား အများဆုံးထုတ်လုပ်နိုင်စွမ်းအားမှာ တစ်နေ့လျှင် (၁၀၀) gigawatt-hours ဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/france-starts-sending-natural-gas-directly-to-germany/a-63425604

 

Category: Germany