China (HongKong)

ပြည်တွင်းဝယ်လိုအား ဦးဆောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တည်ငြိမ်အောင် ပေကျင်းမှ အလေးထား‌ ဆောင်ရွက်သွားမည်

Last Updated:

စီးပွားရေးတွင် ကမ္ဘာ့ဒုတိယအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၌နောင်လာမည့်(၅) နှစ်အတွင်း ငွေကြေးကဏ္ဍနှင့် စီးပွားရေးတည်ငြိမ်အောင် အဆင့်မြင့်အရည်အသွေးရှိသည့် စီးပွားရေး မောင်းနှင်အားများကို အလေးထား ဆောင်ရွက်ရန် တရုတ်နိုင်ငံထိပ်တန်းခေါင်းဆောင်များက ရှာဖွေလျက်ရှိရာ ယခင်က ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုဦးဆောင် မဟာဗျူဟာကို ဆောင်ရွက်ခဲ့ရာမှ ပြည်တွင်းဝယ်လိုအား ဦးဆောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမို အလေးထားဆောင်ရွက်ရန် ရှန်ဟိုင်း၌ပြုလုပ်ခဲ့သည့် Fifth party plenum ကွန်ဖရင့်တွင် ဒုတိယသမ္မတ Mr. Wang Qishan က ပြောကြားခဲ့ကြောင်း၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Orange Wang Josephine Ma က “Beijing puts Focus on Stable  Domestic-Driven Growth ” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိပါသည်။

အဆိုပါသတင်း၌ တရုတ်နိုင်ငံ၏ စီးပွားရေးဈေးကွက်နှင့် အရင်းအမြစ်ဖြစ်သည့် နိုင်ငံတကာ၌ လည်ပတ်နေသည့် စီးပွားရေးမှာ မကြာခင်နှစ်များမှ စတင်၍ အားလျော့လာသော်လည်း ပြည်တွင်းဝယ်လိုအားမှာ ပိုမိုအားကောင်း လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုပါဝင်လာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထုတ်လုပ်မှုမှတီထွင်ဆန်းသစ်မှုသို့လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုမှ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုနှစ်ခုစလုံးသို့လည်းကောင်း ပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတကာဈေးကွက်နှင့် အရင်းအမြစ်များအပေါ်သို့ မှီခိုနေခြင်းအစား မိမိကိုယ်ကိုအားကိုးခြင်းနှင့် တံခါးဖွင့်ဝါဒ ဆောင်ရွက်ခြင်းတို့ နှစ်မျိုးလုံးကို ပြိုင်တူဆွဲဆောင်ရမည်ဖြစ်ကြောင်း၊ Covid-19 ဖြစ်ပွားနေသော်လည်းတရုတ်နိုင်ငံသည် အဆင့်မြင့်အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတွင် သိသာများပြားသောအလား အလာ ကောင်းများရရှိရန် ဆောင်ရွက်သည့် အဆင့်တွင်ရောက်ရှိနေကြောင်း Mr. Wang Qishan က ကွန်ဖရင့်သို့ တက်ရောက်လာသော ရာပေါင်းများစွာသော ဌာနဆိုင်ရာအရာရှိများ၊ အရာရှိဟောင်းများ၊ စီးပွားရေး ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် သံတမန်များကို ပြောကြားခဲ့ကြောင်း ဖော်ပြပါရှိ ပါသည်။

အဆိုပါကွန်ဖရင့်၌ တရုတ်နိုင်ငံမှ ဗဟိုကော်မတီဝင် (၂၀၀) ကျော်ပါဝင်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး (၁၄)  ကြိမ်မြောက်ရေးဆွဲမည့် (၅) နှစ်စီမံကိန်း၊ Covid-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြီးနောက် စီးပွားရေးပြန်လည်တိုးတက်ရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် အနောက်နိုင်ငံများမှ စိန်ခေါ်မှုများကို  ကိုင်တွယ်ဖြေရှင်းနိုင်ရေးတို့ကို ဆွေးနွေးပွဲ အစီအစဉ်တွင် ဦးစားပေးဆွေးနွေးကြမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ဖွယ်ဖြစ်သော ပြင်ပမှရိုက်ခတ်မှုများ၊ ရှုပ်ထွေးမှုများ၊ မညီမျှမှုများနှင့် လုံလောက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှု ပြဿနာများနှင့် ရင်ဆိုင်နိုင်ရကြောင်း၊ ဗဟိုအစိုးရအနေဖြင့် ဈေးကွက်များ သေချာစေရန် အရင်းအမြစ်များ ခွဲဝေခြင်းကို အဓိကထားဆောင်ရွက်ခြင်း၊ အတားအဆီးအနှောင့်အယှက်ဖြစ်စေသည့်အချက်များကို ဖယ်ရှားခြင်းများ ပိုမိုဖွင့်ပေးရန်နှင့် ပြန်လည်ဖွဲ့စည်းတည်ဆောက်မှုများ လုပ်ဆောင်ရန် လိုအပ် လျက်ရှိကြောင်း၊ ငွေကြေးကဏ္ဍဖြင့် လက်တွေ့စီးပွားရေးကို ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ ငွေကြေးကဏ္ဍမှ ရင်ဆိုင်ရနိုင်သည့် စွန့်စားမှုများကို ကာကွယ်နိုင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေးပြန်လည် ကောင်းမွန်ရန် အနောက်နိုင်ငံမှ ကျင့်သုံးသည့် အတိုးနှုန်းလျှော့နည်းသည့် ငွေကြေးမူဝါဒဖြင့် ဆောင်ရွက်သည့် စီးပွားရေးစနစ်ကို ကျင့်သုံးခြင်းအစား စားသုံးသူများအတွက် ကုန်ဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်ရန် ‌ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်မှုကို စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၁၄-၁၀-၂၀၂၀ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်မှ ရှန်းကျန့် အထူး စီးပွားရေးဇုန်  နှစ် (၄၀) ပြည့် နှစ်ပတ်လည် အခမ်းအနား၌ တက်ရောက်စဉ်ကလည်း ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးနိုင်ရန် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ အချက်အချာကျသည့်ဒေသအဖြစ် ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းများနှင့် နည်းပညာအသိုက်အဝန်းများမှာ စက်မှု လုပ်ငန်းများ အဆင့်မြှင့်တင်မှု အားပေးဆောင်ရွက်နိုင်ရန်နှင့် အခက်အခဲအတားအဆီးများအား ဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိပြီး၊ တီထွင်ဆန်းသစ်မှုများဆောင်ရွက်နိုင်အောင် ၎င်းတို့၏အရည်အသွေး များ တိုးတက်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)