Japan

ပြည်သူလူထုအနေဖြင့် ကိုရိုနာပြန်ပွားမှုကာကွယ်ရေးတွင် ပိုမိုပူးပေါင်းကြရန် ဂျပန်ဝန်ကြီးချုပ်က တိုက်တွန်းခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ် ကူးစက်ပြန့်ပွားမှုကိုကာကွယ်ရန် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို ရှောင်ရှားကြရန်အတွက် ပြည်သူလူထုအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် ဂျပန် ဝန်ကြီးချုပ်  Mr. Shinzo Abe က တိုက်တွန်းခဲ့ပါသည်။

မြို့တော်တိုကျိုအပါအဝင် အခြားစီရင်စုဒေသ ၆ ခုတွင် အရေးပေါ်အခြေအနေကြေငြာခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် သတင်းထောက်များအား ဝန်ကြီးချုပ်ကပြောကြားခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိ၌ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးတွင် အရေးပေါ် အခြေအနေတိုးမြှင့်ကြေငြာခဲ့ပါသည်။

ဝန်ကြီးချုပ်က နေအိမ်များတွင် နေထိုင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြသူများကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် ပိတ်ရက်များတွင်  မြို့တော်တိုကျိုမှ နေရပ်သို့ပြန်ကြသည့် လူအများလည်းရှိကြကြောင်း၊ လာမည့်ဧပြီလကုန်မှ မေလဆန်းပိုင်းသည် ဂျပန်၏ ပိတ်ရက်ရှည်ကာလ ဖြစ်၍ အဆိုပါကာလအတွင်း ဗိုင်းရပ်စ်ထပ်မံကူးစက်မှုများ ရှိနိုင်သဖြင့် ဝေးလံသည့်ခရီးများမသွားကြရန် တိုက်တွန်းခဲ့ပါသည်။

လက်ရှိဂျပန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အပိုင်းတွင် လွန်စွာအားစိုက် ဆောင်ရွက်နေရပြီး အကျပ်အတည်းဝန်ထုတ်ဝန်ပိုးများ လျော့ချရန်၊ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန် လူအချင်းချင်း ထိတွေ့မှုများကို ယခုထက် ပိုမိုလျော့ချပေးစေလိုကြောင်း၊ အရေးပေါ်အခြေအနေကြေငြာထားသည့် ကာလအတွင်း အစိုးရ၏ ညွှန်ကြားချက်ကို မလိုက်နာဘဲ ဖွင့်လှစ်ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းများကို တင်းကျပ်စွာ စည်းမျဉ်းများ ထပ်မံချမှတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ စီးပွားရေးပြန်လည်ထူထောင်ရေးဝန်ကြီး Mr. Nishimura Yasutoshi  ကပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan