Thailand

ဖူးခက်အပန်းဖြေကျွန်းအား ပြန်ဖွင့်ရန်နှောင့်နေး

Last Updated:

ပြီးခဲ့သည့်အပတ်က ပြည်တွင်း Covid-19 ရောဂါကူးစက်မှု အဖြစ်(၃)လကျော်အတွင်း ပထမဉီးဆုံး အကြိမ်တွေ့မြင်ခဲ့ရပြီးနောက် အစိုးရအနေဖြင့် ဖူးခက်အပန်းဖြေကျွန်းအား  နိုင်ငံခြားသား ဧည့်သည်များအား ကြိုဆိုရန် စံပြနမူနာပုံစံ Model အဖြစ် ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အတွက် ခလုတ်ကန်သင်း အနှောင့်အယှက်ဖြစ်စေခဲ့ရပါသည်။ ပြည်တွင်းစီးပွားရေးပြန်လည်ရှင်သန်ရန် ကြိုးပမ်းမှုအနေဖြင့်  လာမည့်လတွင် “Phuket Model” အစီအစဉ်အား စတင်ဖွင့်လှစ်ရန် စီစဉ်ထားခဲ့ကြောင်း ထိုင်းခရီးသွားလုပ်ငန်းအသင်း ဉက္ကဌ Yuthasak Supasorn ကပြောကြားခဲ့ပါသည်။

၎င်းက ထိုင်းခရီးသွားလုပ်ငန်းအသင်း တာဝန်ရှိသူများအနေဖြင့် ယခု သီတင်းပတ်ကုန်ရက်များအတွင်း ရောဂါထိန်းချုပ်ရေးအစီအစဉ်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးရန်ဖူးခက်သို့ သွားရောက်ခဲ့ကြောင်း၊ အကယ်၍ Covid-19 ဒုတိယလှိုင်းနှင့်ရင်ဆိုင်ရပါက နိုင်ငံခြားသားခရီးသွားဧည့်သည်များအား ပြန်လည်ပို့ဆောင်ရန် အစီအစဉ်ကို ပြန်လည်ချိန်ညိှရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ခရီးသွားလုပ်ငန်းနှင့်အားကစားဝန်ကြီးဌာန၏ “Phuket Mode”ပုံစံအရ ဩစတြေးလျနှင့်နယူးဇီလန် တို့မှ ခရီးသွားဧည့်သည်(၂၀၀)ခန့်ကို ဝင်ရောက်ခွင့်ပြုလိမ့်မည်ဖြစ်ပါသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် ၎င်းတို့နေထိုင်ရာတိုင်းပြည်အတွင်း၌ ဗိုင်းရပ်စ်ပိုးရှိ/မရှိကို ဉီးစွာစမ်းသပ်ရမည်ဖြစ်ကြောင်း နှင့် ဖူးခက်ရှိ သတ်မှတ်ထားသောနေရာတွင် Quarantine (၁၄)ရက် ဝင်ရောက်ရမည် ဖြစ်ပါသည်။ ဧည့်သည်များအနေဖြင့် Covid-19 ရောဂါအနှုတ်လက္ခဏာ (Negative) ပြပါက ပြည်နယ်အတွင်း ခရီးသွားနိုင်မည် ဖြစ်ပါသည်။

သို့ရာတွင် အကယ်၍ ၎င်းတို့အနေဖြင့် အခြားသောပြည်နယ်များသို့ ခရီးသွားရောက်လိုပါက ၎င်းသက်ဆိုင်ရာပြည်နယ်များရှိ Quarantine နေရာများ၌ နောက်ထပ်(၇)ရက် နေထိုင်ရန်လိုအပ်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Mr. Yuthasak က (၄)ရက်ကြာ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားများအနေဖြင့် ဟိုတယ်နေထိုင်မှုနှုန်း(၃၀%)နှင့် ဘတ်ငွေ(၈.၈)ဘီလီယံ သုံးစွဲကြလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် ၎င်းက ဇူလိုင်လ တည်းကစ၍ ခရီးသွားလုပ်ငန်းလှုပ်ရှားမှုများ ပြန်တက်လာကြောင်း ပြောကြားခဲ့ပါသည်။ အကျိုးရလဒ်အားဖြင့် ခရီးသွားလုပ်ငန်းအသင်းအနေဖြင့် အစိုးရ၏” We Travel Together” ခရီးသွားအစီအစဉ်လှုပ်ရှားမှုအောက်တွင် ခရီးဝေးသွားလာခြင်းနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ဝင်ငွေတိုးမြှင့်ရေးတို့အတွက် တိုးမြင့်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှု  အစီအစဉ်တွင် အစိုးရအနေဖြင့် ဟိုတယ်အခန်းပေါင်း(၄)သန်းကို ပုံမှန်အခန်းခ၏ (၄၀%)နှုန်းအား တစ်ညလျှင် ဘတ်ငေွ(၃,၀၀၀) အကန့်အသတ်နှုန်းဖြင့် လူတစ်ဉီးလျှင် (၅)ညအထိထောက်ပံ့ကူညီသွားရန် ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် ကျန်ရှိသော (၆၀%)အတွက် တည်းခိုခကိုသာ ကျခံသွားရန်သာ ဖြစ်ပါသည်။ ခရီးသွားဧည့်သည်များအနေဖြင့် လေကြောင်းလိုင်းဖြင့်ခရီးသွားပါက အစိုးရအနေဖြင့် လက်မှတ်ခ၏ (၄၀%) ကို ပြန်အမ်းပေးမည် ဖြစ်ပါသည်။ သို့ရာတွင် လူတစ်ဉီး ထိုင်ခုံတစ်ခုံစာအတွက် ဘတ်ငွေ(၁,၀၀၀)ထက် မပိုရန်ဖြစ်ပြီး အရေအတွက်အားဖြင့် ထိုင်ခုံ(၂)သန်းစာသာ အကန့်အသတ်ဖြင့် သတ်မှတ်ထားရှိကြောင်း သိရှိရပါသည်။

Mr. Yuthasak ၏ အဆိုအရ တည်းခိုမည့်ညအရေအတွက်အား လက်ရှိ (၅)ညမှ(၁၀)ညအထိ တိုးမြှင့်လိမ့်မည်ဖြစ်ကြောင်းနှင့် လေယာဉ်လက်မှတ်ခပြန်အမ်း ငွေကိုလည်း ဘတ်ငွေ (၂,၀၀၀) အထိ တိုးမြှင့်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းက လူအများအပြားကို ခရီးဝေးသွားလာရန် အားပေးလှုံ့ဆော်စေလိမ့် မည်ဟု မျှော်လင့်ရကြောင်း၊ လောလောဆယ်အားဖြင့် ၎င်းတို့သည် ကားဖြင့် တစ်နာရီမှ(၃)နာရီကြာသွားရသည့် ခရီးသွားနေရာများကိုသာ ရွေးချယ်ကြကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ပြည်တွင်း Covid-19 ကူးစက်မှုပြန်လည်ဖြစ်ပွားလာမှုနှင့်စပ်လျဉ်း၍ ရောဂါထိန်းချုပ်ရေးဉီးစီးဌာန၏ ညွှန်ကြားရေးမှူး Suwannachai Wattanaying charoenchai က လူနာမှ နေ၍ အလွန်ပျံ့နှံ့ကူးစက်နိုင်သည်ဟူသော စိုးရိမ်မှုကို မနေ့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အသက်(၃၇)နှစ်ရှိ အထီးကျန် အကျဉ်းသားသည် မူးယစ်ဆေးဝါးမှုဖြင့် ဩဂုတ်လ(၂၆)ရက်နေ့တွင် ထောင်ဒါဏ်ချမှတ်ခံခဲ့ရပြီး (၁၄)ရက်ကြာ Quarantine ဝင်နေစဉ် Covid-19 ရောဂါပိုး စမ်းသပ်စစ်ဆေးခဲ့ရာမှ ရောဂါပိုးကူးစက်ခံရ(Positive)ကြောင်း သိရှိခဲ့ရခြင်းဖြစ်ပါသည်။

၎င်းအနေဖြင့် ဗန်ကောက်ရှိ Sam Wan Song Khuen အရက်ဘားနှင့် အခြားNonthaburi နွန်ထဘူရီရှိ အရက်ဘားတို့တွင် DJ အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး ၎င်းအနေဖြင့် ထောင်မကျမီ ဩဂုတ်လ (၁၈) ရက်နေ့တွင် ခေါက်ဆန်လမ်း Khao San Road ရှိနေရာတစ်ခုသို့လည်း အလည်သွားခဲ့ကြောင်း သိရှိရပါသည်။ Dr.Suwannachai က လူနာအနေဖြင့် ညဘက်ဖျော်ဖြေရေးနေရာများတွင် အလုပ်လုပ်သော်လည်း ဖေါက်သည်များနှင့် တိုက်ရိုက်ထိတွေ့မှု မရှိကြောင်း ၊ သူနှင့် ရုပ်ပိုင်းဆိုင်ရာတိုက်ရိုက် ထိတွေ့မှုရှိခဲ့သည့်လူအရေအတွက်မှာ အကန့်အသတ်နှင့်သာ ရှိခဲ့ကြောင်းနှင့် သူသည် Super-spreader လွန်စွာကူးစက်ပျံ့နှံ့နိုင်သူဖြစ်ရန် အခွင့်အရေးမှာ လွန်စွာနည်းပါးကြောင်းပြောကြားခဲ့ပါသည်။ ၎င်းက အကျဉ်းသားနှင့် အဆက်အသွယ်ပြုခဲ့သူ လူဉီးရေ အရေအတွက်မှာ(၇၀၈)ဉီးအထိမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

၎င်းတို့ကို သူတို့တွေ့ဆုံခဲ့မှု (သို့မဟုတ်) ၎င်းတို့၏ဆက်စပ်မှုအရ အုပ်စု(၇)ခုအဖြစ် ခွဲခြားထားခဲ့ကြောင်း၊ ၎င်းတို့အနက် (၁၀၄)ဉီးကို အန္တရာယ်မြင့်မားသော High-Risk အဖြစ်  သတ်မှတ်ခဲ့ပြီး ကျန်ရှိသူများအား Low-Risk များအဖြစ် သတ်မှတ်ခဲ့ပါသည်။ ဒေါက်တာဆူဝါနာချိုင်း ၏ အဆိုအရ အန္တရာယ်ရှိသော High-Risk အုပ်စုထဲမှ တစ်ဉီးသည် အဖျားဖြစ်ပေါ်ပြီးနောက် စုံစမ်းစစ်ဆေးခံရသည့်လူနာ Patient Under Investigation (PUI)အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ ပြီးခဲ့သည့်ညက ကျန်းမာရေးအရာရှိများက Covid-19 စစ်ဆေးမှုမှာ Negative ဖြစ်ကြောင်း အတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။

နွန်ထဘူရီ Nonhtaburi ရှိ ကျန်းမာရေးအရာရှိများက Sam Wan Song Khuen အရက်ဘား၌ အလုပ်လုပ်သည့် လာအို အမျိုးသမီးတစ်ဉီးမှာ ထိုနေ့အစောပိုင်းက Qurantine ဝင်ရန်ကိစ္စအပေါ်ဆန့်ကျင်ခဲ့ပြီးနောက် ပြီးခဲ့သည့်သောကြာနေ့ညက အာဏာပိုင်များထံ သတင်းပို့ခဲ့ကြောင်း သိရှိရပါသည်။ အရာရှိများ၏ ပြောကြားချက်အရ အသက်(၂၀)အရွယ် အလုပ်သမားက သူမ အလုပ်လုပ် ကိုင်ခွင့်သက်တမ်းကုန်သွားပြီဖြစ်ကြောင်းနှင့် သူမအနေဖြင့် ပြည်နှင်ဒါဏ်ခံရမည်ကို စိုးရိမ်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ထိုအမျိုးသမီးအား အခြားသူများနှင့် အတူ Qurantine (၁၄)ရက် ဝင်ရောက်ရန်နွန်ထဘူရီရှိ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand