USA

ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းမှု ပြန်လည်ထူထောင်လာ

Last Updated:

လေကြောင်းခရီးသွားလာခြင်း၊ ဟိုတယ်အခန်းကြိုတင်မှာယူခြင်းနှင့် အိမ်အပေါင် လျှောက်ထားခြင်း စသည့်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာခြင်းဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် မေလနောက်ဆုံးပတ်တွင် တရွေ့ရွေ့ ပြန်လည်ထူထောင် လှုပ်ရှားလာနေပြီ ဖြစ်ပါသည်။

ကုန်တင်ယာဉ်များ ပြန်လည်အသက်ဝင်လာပြီဖြစ်သလို လေကြောင်းခရီးသွားလာမှုနှင့် ဟိုတယ်အခန်းမှာယူမှုများလည်း အနည်းငယ်မြင့်တက်လာနေပြီ ဖြစ်ပါသည်။ အိမ်အပေါင် လျှောက်ထားမှုများလည်း မြင့်တက်လျက်ရှိပြီး ပြည်သူများသည် စီးပွားရေးလုပ်ငန်းသစ်များ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိကြသည်။ ယင်းတို့သည် အမေရိကန် စီးပွားရေး တရွေ့ရွေ့ ပြန်လည်ရှင်သန်လာနေသည့် ကနဦးလက္ခဏာများဖြစ်ပါသည်။

သုတေသနအချက်အလက်များအရ ဧပြီလနှင့် မေလတို့တွင် အမေရိကန်တစ်နိုင်ငံလုံး စီးပွားရေး လှုပ်ရှားမှုများ ကျဆင်းကာ ပေးရမည့်လုပ်ခ၊ လစာများ မြင့်တက်လာပြီး တိုင်းပြည် စီးပွားရေးကျဆင်းမှု ဆိုးဝါးခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ကူးစက်ပျံ့နှံ့သည့် အစောပိုင်းကာလများထက် ပိုမိုဆိုးဝါးလာခဲ့ကြောင်း သုတေသီများက ဆိုပါသည်။ လက်ရှိ အနေအထားတွင် စီးပွားရေးကျုံ့မှု သည် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိရှိကြောင်းနှင့် အလုပ်လက်မဲ့ဖြစ်ပေါ်နေမှုသည်လည်း တိုးတက်များပြားလျက်ရှိပါသည်။

ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်နိုင်ရန် တစ်ဦးနှင်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရသည့်အတွက် ဟိုတယ်တည်းခိုခြင်း၊ စားသောက်ဆိုင်တွင် စားသုံးခြင်း၊ လေယာဉ်စီးသူများနှင့် အခြားလုပ်ငန်းများ ထိခိုက်ကြပြီး ယင်းတို့အတွက် သုံးစွဲမှုနည်းပါးနေသေးသည့် အခြေအနေ ဖြစ်ပါသည်။ တစ်နေရာမှတစ်နေရာသို့ ခရီးသွားရာတွင် လေဆိပ်၊ နယ်စပ်များတွင် ခရီးသည်များလုံခြုံရေး စစ်ဆေးသည့် နေရာများကို ဖြတ်သန်း၍ ခရီးသွားလာမှုသည် ဧပြီလ ၁၄ ရက်နေ့တွင် ၈၇၅၃၄ ထိ ကျဆင်းခဲ့ပြီး မနှစ်က ယင်းနေ့ခရီးသွားလာမှုထက် ၉၆ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ သို့သော် မေလ ၂၂ ရက်နေ့တွင် ခရီးသည် ၃၄၈၆၇၃ ဦးထိ ၃ ဆကျော် ပြန်လည်မြင့်တက်လာသော်လည်း မနှစ်ကယင်းနေ့တွင် ခရီးသွားလာမှုထက် ၈၈ ရာခိုင်နှုန်း လျှော့နည်းခဲ့ပါသည်။ စားသောက်ဆိုင်များတွင် အွန်လိုင်းမှ ကြိုတင်မှာယူသည့် အချက်အလက်များအရ ပြည်နယ်အတော်များများတွင် ညစာစားပွဲအတွက် မှာယူမှုများ ပြန်လည်များပြားလာတာတွေ့ရပါသည်။

အမေရိကန်နိုင်ငံတွင် မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းများသည် ၎င်းတို့ ထောက်ပံ့သယ်ယူပို့ဆောင်မှုကွင်းစက်တွင်  အခက်အခဲများနှင့်ရင်ဆိုင်နေကြရသော်လည်း လွန်ခဲ့သည့် သီတင်းပတ်တွင် ၎င်းတို့စက်ရုံအများစုတွင် လုပ်ငန်းတစ်ချို့ကို ပြန်လည်လုပ်ကိုင်လာကြပြီ ဖြစ်ပါသည်။

အလုပ်လက်မဲ့ ခံစားခွင့်ကဲ့သို့သော အစိုးရအထောက်အပံ့ရရှိမှုများသည်လည်း လာမည့်လများတွင် နည်းပါးသွားနိုင်ဖွယ်ရှိကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသားများ အိမ်အပြင် ပြန်ထွက်နေပြီး ၎င်းတို့ပုံမှန်နေထိုင်မှုအတိုင်း ပြန်လည်သွားလာနေထိုင်နေကြသည့်အတွက် ဒုတိယအကြိမ် ဗိုင်းရပ်စ်ပျံ့နှံ့မှုဖြစ်လာပါက အခြေအနေဆိုးဝါးလာနိုင်ကြောင်း ဗဟိုဘဏ်ကလည်း သတိပေးထားပါသည်။

အမေရိကန် စီးပွားရေးတိုးတက်မှုအတွက် အိမ်ထောင်စုများသုံးစွဲမှုသည် အဓိကကျပြီး ထုတ်လုပ်နိုင်မှုပမာဏ၏ သုံးပုံနှစ်ပုံရှိကြောင်း၊ မတ်လလယ်လောက်ကတည်းက လုပ်သားသန်းပေါင်းများစွာ အလုပ်လျှော့ခံရကြောင်း၊ သို့သော် လစာငွေပုံမှန်ရရှိနေပါက စီးပွားရေးလုံခြုံ စိတ်ချရမှုရှိပြီး ၎င်းတို့သုံးစွဲမှုလည်း ပုံမှန်သုံးစွဲနိုင်ဖွယ်ရှိကြောင်း စီးပွားရေးသုတေသီတချို့က ဆိုပါသည်။

 

 

https://www.wsj.com/articles/for-economy-worst-of-coronavirus-shutdowns-may-be-over-11590408000

( မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA