Belgium

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူအများစုက လာအိုဈေးကွက်ကို ကြိုက်နှစ်သက်လျက်ရှိ

Last Updated:

လာအိုနိုင်ငံသည် ပို့ကုန်တင်ပို့သော ပြည်ပနိုင်ငံများထံမှ အရည်အသွေးထောက်ခံချက် (Quality Certification) အများစုကို လက်ခံအသိအမှတ်ပြု ခြင်းကြောင့် ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများစွာက လာအိုဈေးကွက်အား ဉီးတည်ဈေးကွက်တစ်ရပ်အဖြစ် ကြိုက်နှစ်သက်လျက်ရှိသည်ဟု သိရပါ သည်။

ဗီယက်နမ်-လာအို ကုန်သွယ်ရေးသဘောတူညီချက်၊ နယ်စပ်ကုန်သွယ်ရေးသဘောတူညီချက်နှင့် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူညီ ချက် (ASEAN Trade in Goods Agreement-ATIGA) တို့အောက်မှ လာအိုနိုင်ငံသို့ တင်ပို့သော ဗီယက်နမ်ပို့ကုန်များသည် အပြန်အလှန်အားဖြင့် အကောက်ခွန်ကင်းလွတ်ခွင့် (Zero Tariffs) ကိုလည်း ရရှိခံစားနိုင်ပါသည်။

လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကီလိုမီတာ (၂၃၀၀) ကျော်ဖြင့် နယ်နိမိတ်ထိစပ်လျက်ရှိကြောင်း၊ ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဌာန၏ စာရင်းများအရ ၂၀၂၁ ခုနှစ်တွင် လာအို-ဗီယက်နမ် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၃၇) ဘီလျံသို့ ရောက် ရှိခဲ့ပြီး၊ ၂၀၂၀ ခုနှစ်ကထက် (၃၃.၃) ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံမှ လာအိုနိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် (၅၉၄.၇) သန်းရှိခဲ့ပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် (၄) ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ လာအိုမှ ဗီယက်နမ်သို့ သွင်းကုန်တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ (၇၇၈.၂) သန်း ဖြင့် (၆၉.၈) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။

၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် လာအိုနိုင်ငံထံမှ ဗီယက်နမ်နိုင်ငံသို့ သွင်းကုန်တင်သွင်းမှုသည် နှစ်အလိုက်နှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ (၅၁၄.၆) သန်းဖြင့် (၄၅.၃) ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း၊ အဓိကတင်သွင်းခဲ့သည့် ကုန်စည်အမယ်များတွင် ရော်ဘာ၊ သစ်နှင့် သစ်ထုတ်ကုန်များ၊ ဓါတ်မြေဩဇာ၊ ဟင်းသီးဟင်းရွက်များ၊ သတ္တုရိုင်းနှင့် တွင်းထွက်ပစ္စည်းများ ပါဝင်ကြောင်း သိရပါ သည်။ အလားတူကာလတွင် ဗီယက်နမ်မှ လာအိုသို့ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၃၀၉.၄) သန်းရှိရာ နှစ်အလိုက်နှိုင်းယှဉ်ချက်အရ (၆) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဗီယက်နမ် နိုင်ငံမှ လာအိုနိုင်ငံသို့ သံနှင့်သံမဏိပစ္စည်းများ၊ ယာဉ်နှင့် ယာဉ်အစိတ်အပိုင်းများ၊ စက်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ၊ ဓါတ်မြေဩဇာ၊ ပလပ်စတစ်နှင့် ဟင်းသီးဟင်းရွက်များ တင်ပို့ကြောင်း သိရပါသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် လာအိုနိုင်ငံရှိ စီမံကိန်း (၄၁၇) တွင် အမေရိကန်ဒေါ်လာ (၄.၃) ဘီလျံကို  ရင်းနှီးမြှုပ်နှံထားပြီး၊ တတိယအများဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေကြောင်း၊  လာအိုနိုင်ငံအနေဖြင့် ရည်ရှည်တည်တံ့၍ သန့်ရှင်းမှုရှိသည့် လယ်ယာစိုက်ပျိုးရေး (Clean Agriculture)၊ ကုန်ထုတ်လုပ်ငန်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Processing and Manufacturing) တို့အပါအဝင် နယ်ပယ်များစွာ၌ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများအား  ဉီးစားပေးဆောင်ရွက်ထားကြောင်း၊ လာအိုနှင့် ဗီယက်နမ် နှစ်နိုင်ငံတို့သည် လျှပ်စစ်နှင့် ဓါတ်သတ္တူတူးဖော်ခြင်းကဏ္ဍတို့ တွင်လည်း ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်နိုင်မည့် အလားအလာများစွာရှိနေသည်ဟု ယုံကြည်ထားကြကြောင်း၊ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုကို ယခု နှစ်တွင် (၁၀) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်းအတွင်း တိုးမြှင့်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရပါသည်။

 

(ကျော်စိန်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (STP))
ရင်းမြစ် -    (https://en.vietnamplus.vn/)   

 

Category: Belgium