Thailand

ဘဏ္ဍာရေးဝန်ကြီး Arkhom က ၂၀၂၂ ခုနှစ်တွင် ပြည်ပပို့ကုန်တင်ပို့မှု ၁၀ ရာခိုင်နှုန်းတိုးတက်မှုရရှိရန် မျှော်မှန်းထားခြင်း

Last Updated:

ရုရှား- ယူကရိန်း ပဋိပက္ခကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ မြင့်တက်လျှက်ရှိနေသော်လည်း ဘဏ္ဍာရေးဝန်ကြီး Arkhom က ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုသည် ယခုနှစ်တွင် (၁၀%) တိုးတက်မှုရရှိရန် မျှော်မှန်းလျှက်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။
၃၀-၃-၂၀၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ထိုင်းအမျိုးသားရေကြောင်းပို့ဆောင်ရေးကောင်စီ (TNSC) ၏ နှစ်ပတ်လည် ပုံမှန် အစည်းအဝေးတွင် Mr. Arkhom က ၎င်း၏ ပြည်ပပို့ကုန် တိုးတက်မှု ဂဏန်းနှစ်လုံးရရှိရန် မျှော်လင့်ချက်မှာ ယမန်နှစ်က ရရှိခဲ့ သော ပို့ကုန်တိုးတက်မှု (၁၇.၁%) အပေါ်တွင် အခြေခံ၍ ပြောကြားခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် တွင် ပျမ်းမျှပို့ကုန်တိုးတက်မှုနှုန်း (၃.၅-၄%) ရရှိမည်ဟု မျှော်မှန်းထားကြောင်း၊ ပုဂ္ဂလိကကဏ္ဍများအနေဖြင့် (၅%) ခန့်ရရှိမည်ဟု မျှော်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ် ပထမနှစ်လတွင် ထိုင်းနိုင်ငံအနေဖြင့် ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ (၄၄.၇) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းမှာ ယခင်နှစ် ကာလတူထက် (၁၂.၂%) ပိုမိုတိုးတက်လာခြင်းဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍအနေဖြင့် ယခုနှစ်တွင် ၎င်းတို့၏ မူလမျှော်မှန်းချက် ဖြစ်သည့် (၅%) အပေါ်တွင် (၁၀%) အထိ တွန်းအားပေးနိုင်မည်ဆိုပါက စီးပွားရေးမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

Mr. Arkhom က အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများအနေဖြင့် ပို့ကုန်တင်ပို့မှုဆိုင်ရာ အတားအဆီးများကို လျှော့ချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရကဏ္ဍများအနေဖြင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ထောက်ပံ့ပို့ ဆောင်ရေးနှင့် ငွေဖြစ်လွယ်မှုဆိုင်ရာကိစ္စရပ်များတွင် ပိုမိုလွယ်ကူစေရေး ဆောင်ရွက်ပေးရန် ကတိပြုထားကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အစိုးရဘဏ်များအား  အခက်အခဲကြုံတွေ့နေရသော  လုပ်ငန်းရှင်များ၊ အထူးသဖြင့် SMEs လုပ်ငန်းရှင်များအား ချေးငွေ ရရှိရေး အရှိန်မြှင့်တင်ဆောင်ရွက်ပေးရန် ပြောကြားထားပြီးဖြစ်ကြောင်း Mr. Arkhom ကပြောကြားခဲ့ပါသည်။

TNSC ၏ ဉက္ကဌ Chaichan Chareonsuk က ပို့ကုန်တိုးတက်မှု (၁၀%) ရရှိရန်မှာ စိန်ခေါ်မှုများစွာရှိနေကြောင်း ပြောကြားခဲ့ပါ သည်။ ပို့ကုန်တင်ပို့မှုကဏ္ဍမှာ မသေမချာမရေရာမှုများစွာကို ရင်ဆိုင်နေရကြောင်း၊ မတည်မငြိမ်မှုများ၊ မသေမချာမရေမရာမှုများ၊ ရှုပ်ထွေးမှုများနှင့် မရှင်းလင်းမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် မြေဩဇာနှင့် တိရစ္ဆာန်အစာကဲ့သို့သော အခြေခံကုန်ကြမ်း မလုံလောက်မှုများ၊ ရေနံနှင့် သံမဏိဈေးနှုန်းများ မြင့်တက်လာမှုကဲ့သို့သော အချက်များကို အနီးကပ်စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း၊ သယ်ယူ ပို့ဆောင်ရေးနှောင့်နှေးမှု၊  ကွန်တိန်နာမလုံလောက်မှုများကြောင့် ကုန်ကျစရိတ်များမြင့်တက်မှုများသည် ယခုနှစ်တွင် ဆက်လက် ၍ တည်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

အကယ်၍ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် မပြင်းထန်ဘဲ (၃) လအတွင်း ပြေလည်မှုရရှိမည်ဆိုပါက TNSC အနေဖြင့် ယခု နှစ်တွင် ပို့ကုန်တိုးတက်မှု (၅%) ရရှိမည်ဟု မျှော်လင့်ထားကြောင်း၊ ရုရှား- ယူကရိန်း ပဋိပက္ခအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့ မှုများနှင့် ကမ္ဘာ့ဘဏ္ဍာရေးမတည်မငြိမ်မှုများကြောင့် TNSC အနေဖြင့် ဒုတိယ (၃) လပတ်အတွက် ၎င်း၏ ပို့ကုန်တိုးတက်မှု ကို  (၅%) မှ သုညသို့ လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

ပထမ (၃) လပတ်တွင် ဝယ်ယူရေးအမှာစာများ၏ အတည်ပြုမှုများကြောင့် ပို့ကုန်တိုးတက်မှု (၇-၈%) ရရှိမည်ဟု ခန့်မှန်းထား ကြောင်း၊ ပို့ကုန်တိုးတက်မှု (၅%) ထက်မနည်းရရှိရန်မှာ ပို့ကုန်တင်ပို့သူများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအတွက် အွန်လိုင်းဈေးကွက်များကို ပိုမို၍ အသုံးချရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ နှင့် ကုန်သွယ်မှုများအတွက်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

မြင့်မားသော ကုန်စည်ပို့ဆောင်မှုနှုန်းထားများကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် လာအို- တရုတ် အမြန်ရထားကဲ့သို့ သော ပို့ဆောင်ရေးနည်းလမ်းသစ်များကို ရှာဖွေရလိမ့်မည်ဖြစ်ကြောင်း၊ ထိုင်း သင်္ဘောတင်ပို့သူများအနေဖြင့် ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊ အိုမန် စသည့် အရှေ့အလယ်ပိုင်းဈေးကွက်သစ်များသို့ ချဲ့ထွင်ရန်တက်ကြွသော မဟာဗျူဟာများရှိ ရန် လိုအပ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများဖြစ်သည့် လက်ရှိ (FTAs) များနှင့် Mini-FTAs များကိုလည်း အကောင်းဆုံးအသုံးချ ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း Mr.Chaichan က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

Source: Bangkok Post

Category: Thailand