Thailand

ဘဏ်ပြိုလဲမှုသည် မတည်ငြိမ်သော ငွေလဲလှယ်နှုန်းကိုဖြစ်စေ

Last Updated:

ငွေလဲလှယ်နှုန်းထားကို စောင့်ကြည့်ရန် ထိုင်းအစိုးရ တိုက်တွန်းထား

ထိုင်းနိုင်ငံ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များက ကာလတို ငွေလဲလှယ်နှုန်း မငြိမ်သက်မှုကို နိုင်နင်းနိုင်ရန်အတွက် ငွေလဲလှယ်နှုန်းကို အနီးကပ်စောင့်ကြည့်ရန်နှင့် သင့်လျော်သော မဟာဗျူဟာများချမှတ်ပေးရန် အကြံပြုခဲ့ကြပါသည်။ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Poonpong Naiyanapakorn၏ မကြာသေးမီက ဖြစ်ပွားခဲ့သော အမေရိကန်ဘဏ်ပြိုလဲမှု၏ ရိုက်ခတ်မှုကြောင့် ငွေကြေးလဲလှယ်နှုန်းများ မတည်မငြိမ်ဖြစ်လာခဲ့ပြီး ယင်းမတည်ငြိမ်မှုသည် ပို့ကုန်လုပ်ငန်းရှင်များ အပေါ် သက်ရောက်မှုရှိနိုင်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းအခြေအနေသည် အမေရိကန်၏ ငွေကြေးနှင့် အရင်းအနှီးဈေးကွက်များကို တုန်လှုပ်သွားစေပြီး ရင်းနှီးမြှုပ်နှံသူများကို ထိုင်းအပါအဝင် ဈေးကွက်သစ်ဆီ ပြောင်းရွှေ့ဖို့ လှုံ့ဆော်ပေးသောကြောင့် အမေရိကန်ဒေါ်လာ အားနည်းလာပြီး ဘတ်ငွေပိုအားကောင်းလာခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Poonpong Naiyanapakorn က ဆက်လက်ပြောကြားခဲ့ပါသည်။

မတ်လ ၁၃ ရက်အထိ ဘတ်ငွေသည် တစ်ဒေါ်လာလျှင် ၃၄.၅၆ ဖြစ်သဖြင့် မတ်လ ၁၀ ရက်တွင်ရှိသော တစ်ဒေါ်လာလျှင် ၃၅.၀၈ဘတ်နှင့် နှိုင်းယှဉ်ပါကတန်ဖိုးမြင့်လာခဲ့ပါကြောင်း၊ ထို့ကြောင့်ပို့ကုန်လုပ်ငန်းရှင်များအတွက် ပို့ကုန် ဈေးနှုန်းများမြင့်မားလာသော်လည်း သွင်းကုန်လုပ်ငန်းရှင်များ အထူးသဖြင့် စွမ်းအင်ဆိုင်ရာကုန်ပစ္စည်းများအတွက် အကျိုးရှိမည်ဖြစ်ပါသည်။ 

ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးအနေဖြင့် အမေရိကန်လုပ်သားဈေးကွက်နှင့် စီးပွားရေးကို ဆက်လက်အကျိုးသက်ရောက်မှုရှိမရှိအခြေအနေကို စောင့်ကြည့်ရန်အတွက် အစီအစဉ်ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် အဓိက ဈေးကွက်တစ်ခုဖြစ်သဖြင့် ထိုင်းပို့ကုန်များ၏ ၁၆ ရာခိုင်နှုန်းကို ထိခိုက်နိုင်သည်ဟု Mr Poonpong  ပြောကြားခဲ့ပါသည်။

ငွေကြေးနှင့် အရင်းအနှီးဈေးကွက်များအပြင် စီးပွားရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုရှိခဲ့သည့် ၂၀၀၈ ခုနှစ် အမေရိကန် Subprime အကြပ်အတည်းကဲ့သို့ ပြင်းထန်မှုမရှိသည့် သက်ရောက်မှုဖြစ်မည်ဟု ခန့်မှန်းထားပါကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ အမေရိကန် subprime အကြပ်အတည်းသည် အစပိုင်းတွင်အပေါင်ပစ္စည်းမပါဘဲငွေချေးသူများထံ ချေးငွေသက်တမ်းတိုးမြှင့်ခဲ့ခြင်းကြောင့်ဖြစ်ပြီး ထိုင်းအပါအဝင်အမေရိကန် စီးပွားရေးနှင့် ဆက်နွယ်နေသည့်နိုင်ငံအများအပြား၏ စီးပွားရေးများအပေါ်တွင်လည်း လှုပ်ခတ်မှုဖြစ်ပေါ်စေခဲ့ပါသည်။ သို့သော် The Silicon Valley Bank [SVB] ၏ ဖြစ်စဉ်မှာ အပ်နှံသူအများစုသည် အပေါင်ပစ္စည်းမပါဘဲ အခြားသော အမေရိကန်ဘဏ်များနှင့်မတူသည့် သီးခြားလက္ခဏာများ ရှိပါသည်။

Mr. Poonpong က ယခုဖြစ်စဉ်မှာ ရင်းနှီးမြှုပ်နှံသူများအပေါ်  ရေတိုသက်ရောက်မှုသာဖြစ်ပြီး ပိုင်ဆိုင်မှုများကို ရောင်းချခြင်းနှင့် အလေအလွင့်ဖြစ်မှုများကို လျှော့ချနိုင်ရန် အတွက် ငွေသားကိုင်ဆောင်ထားသော ရင်းနှီးမြှုပ်နှံသူများ၏ အခြေအနေများကို ပိုမို သိသာလာစေရန် စောင့်ကြည်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။  ထိုင်းနိုင်ငံဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာရှိ သက်ရောက်မှုကို စောင့်ကြည့်လျက်ရှိပြီး ထိုင်းကူးသန်း ရောင်းဝယ်ရေးဘဏ်များသည် ဗဟိုဘဏ်၏ကြီးကြပ်မှုဖြင့် ပိုမိုအားကောင်းသည့် အနေအထားကို ဆက်လက်ထိန်းသိမ်းထားကာ ၁၉၉၇ ခုနှစ် Tom Yum Kung ငွေကြေး အကြပ်အတည်းအပြီးတွင် ချေးငွေတင်းကြပ်ခြင်း အစီအမံများအပါအဝင် ငွေဖြစ်လွယ်နိုင်ခြေကို စီမံခန့်ခွဲရန်အတွက် Basel စံနှုန်းများကို လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းနိုင်ငံဘဏ်၏ Assistant Governor ဖြစ်သူ Suwannee Jatsadasak ၏ ထုတ်ပြန်ချက်အရ SVB ပြိုလဲမှုသည် ထိုင်းနိုင်ငံ၏ ဘဏ္ဍာရေး တည်ငြိမ်မှုအပေါ် ကန့်သတ်ချက်ရှိသည့် သက်ရောက်မှုဖြစ်ပါကြောင်း၊ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် အမေရိကန်ဘဏ်နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်မှုမရှိသောကြောင့်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တစ်ကမ္ဘာလုံးတွင် ပြည်တွင်းဘဏ်များနှင့် FinTech လုပ်ငန်းများနှင့် ထိတွေ့မှုမှာ ထိုင်းဘဏ်များ၏ အရင်းအနှီး၏ ၁ ရာခိုင်နှုန်းထက်နည်းပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။ ပြည်တွင်းဘဏ်များသည် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်း မရှိသော်လည်း ၎င်းတို့၏လုပ်ငန်းခွဲများသည် ဘတ်သန်း ၂၀၀ ခန့်တန်ဖိုးရှိသော ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံကြပါကြောင်း၊ ဗဟိုဘဏ်သည် ဘတ်ငွေသန်း ၂၀၀ ခန့် တန်ဖိုးရှိသော ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများနှင့် အကျိုးတူအရင်းအနှီးများတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို တင်းတင်းကြပ်ကြပ်ကြီးကြပ်ပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

https://www.bangkokpost.com/business/2529999/thais-urged-to-monitor-rates

Category: Thailand