Brazil

ဘရာဇီးလ်နိုင်ငံနှင့် အာရပ်နိုင်ငံများအကြား စီးပွားရေးတိုးချဲ့နိုင်မည့် အခွင့်အလမ်းကောင်းများရှာဖွေရန် Gulfood 2022 ပြပွဲသို့ အာရပ်-ဘရာဇီးလ်ကုန်သည်အသင်းဥက္ကဋ္ဌတက်ရောက်

Last Updated:

ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးဟာလာစနစ်ဖြင့် ထုတ်လုပ်သည့်အသားတင်ပို့သည့်နိုင်ငံဖြစ်သည့်အပြင် ဘရာဇီးလ်နိုင်ငံ၏အခြားပို့ကုန်များဖြစ်သည့်တန်ဖိုးမြှင့်ထုတ်ကုန်များအပေါ်တွင်လည်းအာရပ်နိုင်ငံဈေးကွက်များက စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည့်အတွက် ဘရာဇီးလ်စီးပွားရေးလုပ်ငန်းရှင်များအတွက် တိုးချဲ့နိုင်မည့်အလားအလာကောင်းများဖြစ်ပေါ်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်သည့် ဘရာဇီးလ်အစိုးရ၏စာရင်းများအရကမ္ဘာ့ဟာလာအဖွဲ့ကြီးထံမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသော အေးခဲအသားတင်ပို့သည့် ဘရာဇီးလ်ကုမ္ပဏီအရေအတွက်သည် ၅၃ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး အသားထုတ်လုပ်သည့် စက်ရုံအရေအတွက်သည် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။

ကမ္ဘာ့လူဦးရေတိုးတက်နှုန်းအရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ဟာလာထုတ်ကုန်ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅.၇၄ ထရီလီယံအထိ တိုးတက်လာနိုင်ကြောင်း Global Islamic Economy အဖွဲ့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အာရပ်အဖွဲ့ဝင်နိုင်ငံ ၂၂ နိုင်ငံသို့ ဘရာဇီးလ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက၂၆ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ စားသောက်ကုန်ကဏ္ဍ တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈.၉၂ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ထက် ၉.၅၂ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံ၏တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် အခွင့်အလမ်းကောင်းများရှာဖွေနိုင်ရန် Gulfood ဆွေးနွေးပွဲအစီအစဉ်သို့ ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် ဟာလာကြက်သားဈေးကွက်တွင် ကမ္ဘာ့အကြီးဆုံးတင်ပို့သူဖြစ်ပြီး ဟာလာအမဲသား၊ ဆေးဝါးပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အခြားဘရာဇီးလ်ထုတ်ကုန်များဈေးကွက်တိုးတက်ရရှိရေးအတွက် အလေးထားဆွေးနွေးသွားမည်ဖြစ်ကြောင်း ဟာလာအသားတင်ပို့သူများအသင်း၏ အမှုဆောင်ချုပ် Ali Saifi ကပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၏ ထုတ်လုပ်မှုနှင့် အရည်အသွေးအပေါ် ဟာလာဈေးကွက်နိုင်ငံများ၏ ယုံကြည်မှုကို ရရှိထားပြီးဖြစ်သဖြင့် ဟာလာအသိအမှတ်ပြုလက်မှတ်လျှောက်ထားသည့် ဘရာဇီးလ်ကုမ္ပဏီများ ပိုမိုများပြားလာကြောင်း၊ ထို့ကြောင့်တရားမဝင်အသားများ(ဝက်သား)ရောနှောပါဝင်မှုမရှိစေရေးအတွက် အသားထုတ်လုပ်မှု၊ ထုတ်ပိုးမှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်မှုစနစ်များအား တိကျစွာစစ်ဆေးလျက်ရှိကြောင်း၊ ဟာလာအသားတင်ပို့သူများအသင်း(Cdial Hala) ၏ ပြည်ပဆက်ဆံရေးမန်နေးဂျာ Omar Chahine ကပြောကြားခဲ့သည်။

၂၀၂၂ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ တန်ဖိုးမြှင့်ထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိရေးနှင့် အာရပ်စားသုံးသူများအကြိုက်တွေ့စေမည့် အရသာနှင့် အရည်အသွေးရှိသည့် ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်တင်ပို့သွားရန် ဘရာဇီးလ်ကုမ္ပဏီများအား တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရပ်-ဘရာဇီးလ်ကုန်သည်အသင်း ဥက္ကဋ္ဌ Osmar Chohfi က ပြောကြားခဲ့သည်။

လတ်တလောအခြေအနေတွင် အသားထုတ်လုပ်တင်ပို့မှုများအတွက်သာ ဟာလာအသိအမှတ်ပြုလက်မှတ်များ၊ ရယူထားကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ပို့ကုန်များဖြစ်သည့် နို့နှင့်နို့ထွက်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အလှကုန်များ၊ ဆေးဝါးအမျိုးမျိုးနှင့် အခြားလူသုံးကုန်ပစ္စည်းများတိုးချဲ့တင်ပို့နိုင်ရန်အတွက် အခွင့်အလမ်းကောင်းများရှိနေကြောင်း၊ ထို့အပြင် ဟာလာအသားထုတ်လုပ်မှုသည် မူစလင်လူ့အဖွဲ့အစည်းအတွက်သာမက လူသားတစ်ရပ်လုံးအတွက် အစားအစာဘေးကင်းလုံခြုံမှုနှင့် ကုန်ပစ္စည်းအာမခံချက်ရှိမှုတို့အတွက် အထူးအရေးပါကြောင်း Osmar Chohfi ကပြောကြားခဲ့သည်။

၂၇ ကြိမ်မြောက် ကမ္ဘာ့အကြီးဆုံးအစားအစာနှင့်ဖျော်ရည်ပြပွဲ Gulfood ကိုဒူဘိုင်းနိုင်ငံရှိ ဒူဘိုင်းကမ္ဘာ့ကုန်သွယ်မှုစင်တာ(Dubai World Trade Center-DWTC) တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှ စားသောက်ဆိုင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းအရင်းမြစ်- canalrural.com.br

Category: Brazil