Brazil

ဘရာဇီးလ်နိုင်ငံမှ ပြောင်းစေ့တန်ချိန် ၅ သန်းဝယ်ယူရန် အီရန်နိုင်ငံနှင့်သဘောတူညီမှုရရှိခဲ့

Last Updated:

ဘရာဇီးလ်နိုင်ငံမှ ပြောင်းစေ့တန်ချိန် ၅ သန်းအားဝယ်ယူရန် အီရန်နိုင်ငံနှင့် သဘောတူညီမှုရရှိခဲ့ပြီး အပြန်အလှန်အားဖြင့် ဘရာဇီးလ်နိုင်ငံက အီရန်ဓာတ်မြေဩဇာများကို ပြန်လည်ဝယ်ယူ တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ဘရာဇီးလ်စိုက်ပျိုးရေးဝန်ကြီး၏ အီရန်ခရီးစဉ်အတွင်းတွင် အီရန်စိုက်ပျိုးရေးဒုတိယအတွင်းဝန်ဦးဆောင်သည့် ဓာတ်မြေဩဇာထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် အဆိုပါသဘောတူညီချက်အား ထုတ်ပြန်နိုင်ခဲ့ကြောင်း Mato Grosso ပြည်နယ်၏ ပဲပုတ်စေ့နှင့် ပြောင်းစိုက်ပျိုးထုတ်လုပ် သူများအသင်း (Aprosoja- MT) ဥက္ကဌ Fernando Cadore ကပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံနှင့် အီရန်နိုင်ငံအကြား ကုန်ပေးကုန်ယူစနစ်ဖြင့် ဘရာဇီးလ်ပြောင်းစေ့နှင့် အီရန်ဓာတ်မြေဩဇာတို့ကို တိုက်ရိုက်လဲ လှယ်နိုင်မှုသည် ကုန်သွယ်မှုတွင် ဘရာဇီးလ်အစိုးရ၏ ဗျူရိုကရေစီလုပ်ငန်းစဉ်များအား ဖြေလျှော့ပေးမှုတစ်ရပ်အဖြစ် ရှုမြင်ရ ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူနှင့် ဓာတ်မြေဩဇာထုတ်လုပ်သူတို့အချင်းချင်း ကုန်ပစ္စည်းတိုက်ရိုက်လဲလှယ်နိုင်မှုကြောင့် နှစ်ဦး နှစ်ဘက်တွင် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း၊ ဝန်ကြီး Teresa Cristina ၏ အီရန်နိုင်ငံခရီးစဉ်တွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြား ရေးမှူးများလိုက်ပါသွားခဲ့ပြီး ဘရာဇီးလ်စိုက်ပျိုးထုတ်လုပ်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည့်အပြင် ဘရာဇီးလ်- အီရန် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးလုပ်ငန်းများကို ဆွေးနွေးနိုင်ခဲ့ကြောင်း အသင်းဥက္ကဌ Fernando Cadore က ပြောကြားခဲ့သည်။ ထို့အပြင် ဘရာဇီးလ်စိုက်ပျိုးရေးလုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် အခက်အခဲများသည် ဝန်ကြီး၏ ခရီးစဉ်သွားရောက်ပြီးနောက် အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း၊ ဘရာဇီးလ်လုပ်ငန်းရှင်များအနေဖြင့် လည်း မိမိတို့၏ ကုန်ထုတ်စွမ်းအား မြင့်မားစွာတည်ရှိနေမှုအပေါ် စွမ်းအားပြည့် ထိရောက်စွာအသုံးပြုနိုင်ရန်နှင့် အီရန်နိုင်ငံသို့ ကျန်းမာရေး ဘေးကင်းလုံခြုံမှုရှိသော စားသောက်ကုန်များ ပိုမိုတိုးတက်တင်ပို့နိုင်ရန်အတွက်လည်း အလေးထား လုပ်ဆောင်သွား သင့်ကြောင်း Cadore က တိုက်တွန်းပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil