Thailand

မတ်လတွင် ပြည်ပပို့ကုန်တင်ပို့မှု စံချိန်တင်မြင့်မားခဲ့ခြင်း

Last Updated:

ထိုင်းနိုင်ငံ၏  ပြည်ပပို့ကုန်တင်ပို့မှုသည်  မတ်လတွင် နှစ်ပေါင်း (၃၀) အတွင်း  စံချိန်တင်မြင့်မားခဲ့ပြီး အားကောင်းနေခဲ့ကြောင်း၊ ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၂၂ ခုနှစ်၊ ပထမ (၃) လပတ်တွင် နှစ်အလိုက်၌ (၁၄.၉%) မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လတွင် ထိုင်း ပြည်ပပို့ကုန်တင်ပို့မှုအနေဖြင့်  အကောက်ခွန်ရှင်းလင်းပြီးတန်ဖိုးသည် ယခင်နှစ် အလားတူကာလက ထက် (၁၉.၅%) တိုးတက်ခဲ့ပြီး  အမေရိကန်ဒေါ်လာ (၂၈.၈) ဘီလီယံ (ထိုင်းဘတ်ငွေအားဖြင့် ၉၂၂ ဘီလီယံ) ရှိခဲ့ကြောင်း၊ ၎င်းမှာ  ၁၉၉၁ ခုနှစ်မှစ၍  အမြင့်မားဆုံးဖြစ်ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၁၈%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၇.၄) ဘီလီယံရှိကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၂၇.၄) ဘီလီယံရှိကြောင်း  သိရှိရပါသည်။

ယခုနှစ် ပထမ (၃) လပတ်တွင် ပို့ကုန်တင်ပို့မှုသည် (၁၄,၉%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၃.၆) ဘီလီယံရှိခဲ့ကြောင်း၊ အလားတူ သွင်းကုန်တင်သွင်းမှုမှာလည်း (၁၈.၄%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၄.၅) ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေ ဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၉၄၄) သန်းရှိခဲ့ကြောင်း သိရှိရပါသည်။

ရွှေ၊ ရေနံနှင့်ဆက်စပ်သော ထုတ်ကုန်များနှင့် လက်နက်တို့မပါဝင်ဘဲ ပို့ကုန်တင်ပို့မှုသည် (၁၃) လမြောက် ဆက်တိုက်အဖြစ် (၈.၉%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။ မတ်လတွင် ခိုင်မာသောတိုးတက်မှုနှုန်းဖြင့် တင်ပို့နိုင်ခဲ့သည့် ပို့ကုန်များတွင် သံ၊ သံမဏိ နှင့် ၎င်းတို့၏ ထုတ်ကုန်များ၊ ရေနံစိမ်း၊ သန့်စင်ပြီးရေနံ၊ ဓါတုဗေဒပစ္စည်းများ၊ ပလပ်စတစ်ကော်စေ့များ၊ ရာဘာတာယာများ၊ လယ်ယာထွက်ကုန်နှင့် အစားအစာထုတ်ကုန်များ ပါဝင်ကြောင်း၊ ရုရှားနှင့် ယူကရိန်းပဋိပက္ခကြောင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် ဆန်၊ ပီလောပီနံထုတ်ကုန်များ၊ သကြား၊ ပြုပြင်ထားသောကြက်သား၊ စည်သွပ်ဗူးနှင့် ပြုပြင်ထားသော ပင်လယ်စာ၊ စားအုန်းဆီ၊ အိမ်မွေးတိရစ္ဆာန်အစားအစာများနှင့် ဟင်းခတ်အမွှေးအကြိုင်များ အနေဖြင့် ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အခြားဝယ်လိုအားမြင့်တက်ခဲ့ပြီး တိုးတက်တင်ပို့နိုင်သော ထုတ်ကုန်များတွင် လျှပ်စစ်ပစ္စည်းကရိယာများ၊ အိမ်သုံးပစ္စည်းများ၊ ရေခဲသေတ္တာများ၊ ဖရီဇာ(freezers) များနှင့် အစိတ်အပိုင်းများ၊ အဝတ်လျှော်စက်များနှင့် အစိတ်အပိုင်းများ၊ ကွန်ပျူတာများနှင့် အစိတ်အပိုင်းများ၊ ရေဒီယိုများ၊ တယ်လီဗေးရှင်းဖမ်းစက်များနှင့် အစိတ်အပိုင်းများ၊ ဖက်စ်များ၊ တယ်လီဖုန်းနှင့် အစိတ်အပိုင်းများ၊

ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ဆေးဝါးထုတ်ကုန်များ၊ ဆေးဘက်ဆိုင်ရာထုတ်ကုန်များ ပါဝင်ကြောင်း သိရှိရပါသည်။

လယ်ယာနှင့် လယ်ယာစက်မှုထုတ်ကုန်များ၏ ပြည်ပတင်ပို့မှုများသည် (၁၆) လမြောက်အဖြစ် ဆက်လက်တိုးတက်တင်ပို့နိုင်ခဲ့ပြီး မတ်လတွင် နှစ်အလိုက်၌ (၁၄.၂%) တိုးတက်ခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၆၉.၃) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းတို့တွင် ပီလောပီနံထုတ်ကုန်တင်ပို့မှုသည် (+၆.၃%) ဖြင့် ဉီးဆောင်နေကြောင်း၊ ဆန် (+၅၃.၉%)၊ စည်သွပ်နှင့် ပြုပြင်ထားသော ပင်လယ်စာ

(+၂.၀%)၊ သကြား (+၂၀၄%)၊ တိရစ္ဆာန်အစားအစာ (+၁၅.၅%)၊ ဟင်းသီးဟင်းရွက်ဆီနှင့် အဆီခဲ (+၃၅၀%)၊ ပြုပြင်ထားသော ကြက်သား (+၆.၆%)၊ ဟင်းခတ်မှုန့် (+၉.၇%) တို့ဖြစ်ကြပါသည်။

မတ်လတွင် စက်မှုထုတ်ကုန်ပစ္စည်းများ တင်ပို့မှုအနေနှင့် (၂၀.၆%) ဖြင့် (၁၃) လမြောက် ဆက်တိုက်အနေနှင့် တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၃.၆) ဘီလီယံရရှိခဲ့ကြောင်း၊ ၎င်းတွင် ရေနံနှင့် ဆက်စပ်သောထုတ်ကုန်များ (+၁၅.၅%)၊ ကွန်ပျုတာနှင့် အစိတ်အပိုင်းများ (+၃၆.၉%)၊ အီလက်ထရောနစ်ပေါင်းစပ်ဆားကစ်များ (+၁၁.၀%)၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ (+၃၇.၁%)၊ ဖက်စ်၊ တယ်လီဖုန်းနှင့် အစိတ်အပိုင်းများ (+၃၇.၉%)၊ အပူပေးကရိယာများနှင့် အစိတ်အပိုင်းများ (+၇၁.၉%)၊ ဆေး ဘက်ဆိုင်ရာ ကရိယာများနှင့် ထုတ်ကုန်များ (+၁၀.၆%) တို့ဖြင့် အသီးသီး တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ပို့ကုန်တင်ပို့မှုများ ခိုင်မာအားကောင်းစွာ တိုးတက်ခဲ့ခြင်းမှာ ကိုဗစ်-၁၉ အခြေအနေတိုးတက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်းနှင့် ကမ္ဘာ့ဝယ်လိုအား   တိုးတက်လာမှုတို့ကြောင့်ဖြစ်ကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင်က ပြောကြားခဲ့ပါသည်။

မစ္စတာဂျူရင်၏ အဆိုအရ ရုရှားနှင့် ယူကရိန်း ပဋိပက္ခဆက်ဖြစ်နေသော်လည်း ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့ မှုသည် ဆက်လက်၍ တိုးတက်နေဉီးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရုရှားနှင့် ယူကရိန်း ပဋိပက္ခကြောင့် ရုရှားနှင့် ယူကရိန်း ထုတ်ကုန်များနေရာတွင် အစားထိုးနိုင်ရန် အခွင့်အရေးများရှိနေကြောင်းနှင့် များစွာသောနိုင်ငံများတွင် အစားအစာဖူလုံရေး အတွက် လယ်ယာထုတ်ကုန်နှင့် အစားအစာထုတ်ကုန်များ ပိုမိုတင်ပို့ရန် အခွင့်အလမ်းများမှာ ပို့ကုန်တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေသည့် အချက်များဖြစ်ကြောင်း၊ ထို့အပြင် (RCEP) ကဲ့သို့သော လွတ်လပ်သည့် ကုန်သွယ်မှုသဘောတူညီ ချက်များကို အသုံးချခြင်းဖြင့်လည်းကောင်း၊ ဆော်ဒီအာရေဗျနှင့် ထိုင်းနိုင်ငံတို့အကြား ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းတို့က ထိုင်းပို့ကုန်များအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်၊ အေးခဲနှင့် ပြုပြင်ထားသောကြက်သား၊ ပြုပြင်ထားသော ပင်လယ်စာ၊ မော်တော်ကားနှင့် အစိတ်အပိုင်းများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း သိရှိရပါသည်။

ပို့ကုန်တိုးတက်တင်ပို့ရေးအတွက် အခြားသော အထောက်အပံ့ဖြစ်စေသည့်  အချက်များတွင် ထိုင်းဘတ်ငွေတန်ဖိုးကျဆင်းမှုလည်း ပါဝင်ပါသည်။ မတ်လတွင် ပို့ကုန်တင်ပို့မှု မြင့်တက်လာသော်လည်း မော်တော်ကားနှင့် အစိတ်အပိုင်းများ၊ ရာဘာထုတ်ကုန်များ ကဲ့သို့သော အဓိကလုပ်ငန်းများအတွက် စိုးရိမ်နေမိကြောင်း၊ အဆိုပါ လုပ်ငန်းကဏ္ဍနှစ်မျိုးအတွက် ပို့ကုန်တင်ပို့မှုမှာ မတ်လတွင် (၁၀%) နှင့် (၁၃.၄%) တို့ဖြင့် အသီးသီး ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထိုင်းအမျိုးသား ရေကြောင်းပို့ဆောင်ရေးကောင်စီ ဉက္ကဌ Chaichan Chareonsuk ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။ တရုတ် ၊ဂျပန်နှင့် အီးယူကဲ့သို့သော တစ်ချို့သော အဓိက ပို့ကုန်ဈေးကွက်အချို့တွင် ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ကြောင်း၊ ၎င်းကိစ္စကို အနီးကပ်စောင့်ကြည့်သွားရန် လိုအပ်ကြောင်း Mr. Chaichan က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand