China(Nanning)

မတ်လအတွင်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းပေါင်း (၁၆၀၀) ကျော်ကို ပြန်လည်စတင်ပြေးဆွဲမည့် China Southern Airlines

Last Updated:

မတ်လ (၁၃) ရက်နေ့မှစ၍ China Southern Airlines က ကွမ်ကျိုးမှ ဩစတြေးလျ၊ နယူးဇီလန်၊ မြောက်အမေရိက၊ ဥရောပ၊ အရှေ့တောင်အာရှနှင့် အခြားနိုင်ငံများသို့ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (၁၆၀၀) ကျော်ကို တဖြည်းဖြည်းပြန်လည်စတင် သွားပြီး၊ ကွမ်ကျိုးနှင့် ရှန်ဟိုင်း Pudong နှင့် ဥရောပ၊ အမေရိကနှင့် အခြားနိုင်ငံများသို့ ကုန်တင်လေကြောင်းလိုင်းများကို တိုးမြှင့် ပြေးဆွဲသွားမည်ဟု သိရပါသည်။

မတ်လ (၁၃) ရက်နေ့မှစ၍ ကွမ်ကျိုးမှ ဩစတြေးလျ (ဆစ်ဒနီနှင့် မဲလ်ဘုန်း) နှင့် နယူးဇီလန် (Auckland) သို့ လေယာဉ်များ ပထမဆုံးပြန်လည်ပြေးဆွဲမည်ဖြစ်ကာ တစ်နေ့လျှင်တစ်ကြိမ် အပြန်အလှန်ပြေးဆွဲမည် ဖြစ်ပါသည်။ ၎င်းနောက် ဇွန်လမှစတင်၍ ကွမ်ကျိုးနှင့် ဆစ်ဒနီ၊ မဲလ်ဘုန်းနှင့် Auckland သို့ပြေးဆွဲမည့် အကြိမ်ရေကို တိုးမြှင့်သွားမည်ဖြစ်ပြီး၊ ကွမ်ကျိုးနှင့် ပတ်သ်၊ Brisbane ၊ Adelaide ၊ Christchurch မြို့များအကြား ပြေးဆွဲမှု၊ ရှန်းကျန့်မှ ဆစ်ဒနီ၊ မဲလ်ဘုန်းနှင့် အခြားလမ်းကြောင်းများသို့ ပြေးဆွဲမှုများကို တဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမည် ဖြစ်ပါသည်။

မြောက်အမေရိက လမ်းကြောင်းများအားဖြင့် ကွမ်ကျိုးမှ Los Angeles နှင့် San Francisco သို့ လေကြောင်းလိုင်းများကို မတ်လ (၁၉) ရက်နေ့မှ တစ်ပတ်လျှင် (၃) ကြိမ် ပြန်လည်စတင်၍ မတ်လ (၂၈) ရက်နေ့နောက်ပိုင်း၌ ပြေးဆွဲသည့်အကြိမ်ရေကို တိုးမြှင့် သွားမည်ဖြစ်ပါသည်။ 

ဥရောပလမ်းကြောင်းများအားဖြင့်  မတ်လ (၂၂) ရက်နေ့မှစကာ ကွမ်ကျိုးမှ လန်ဒန်သို့ တစ်ပတ်လျှင်  (၄) ကြိမ် ပြန်လည်ပြေးဆွဲ မည် ဖြစ်ပါသည်။

ကွမ်ကျိုးမှ မနီလာ၊ ဘန်ကောက်၊ ကွာလာလမ်ပူနှင့် အခြား အရှေ့တောင်အာရှမြို့များသို့လည်း ပြန်လည်ပြေးဆွဲမည် ဖြစ်ပါသည်။

ကွမ်တုန်းနှင့် Pudong တို့ကို ဥရောပနှင့် အမေရိကတို့နှင့်ဆက်သွယ်သည့် ကုန်တင်လေယာဉ် (၂၁) လိုင်းနှင့် အိုဆာကာ၊ ဟိုချီမင်း နှင့် ဟနွိုင်းသို့ ကုန်တင်လေယာဉ် (၁၉) လိုင်းတို့ကို ထပ်မံပြေးဆွဲမည်ဖြစ်ကာ၊ မတ်လအတွင်း စုစုပေါင်းကုန်တင်လေယာဉ်ပေါင်း (၂၅၀) ကျော်အထိ ရှိမည်ဖြစ်ပါသည်။

          ကပ်ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးရှိ လေကြောင်းလိုင်းများ ဆိုးရွားစွာ ထိခိုက်နစ်နာခဲ့သော်လည်း China Southern လေကြောင်းလိုင်းက လုံခြုံမှုနှင့် စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော်ဆောင်နေကြောင်း သိရပါသည်။ အပြည်ပြည် ဆိုင်ရာ လေယာဉ်များဖြင့်လိုက်ပါမည့် ခရီးသည်များကို လေယာဉ်ပေါ်မတက်မီ အပူချိန်တိုင်းတာခြင်း၊ ခရီးချိန်လေးနာရီကျော် ကြာမြင့်သည့်လေယာဉ်များပေါ်၌ ကိုယ်ပူချိန်ထပ်မံတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပါသည်။

ထို့ပြင် ခရီးသည်များ၏ ကျန်းမာရေးကြေညာချက်အတွက် အီလက်ထရောနစ်နည်းလမ်းဖြင့် ကြေညာခြင်းနှင့် ကျန်းမာရေး ကြေညာသည့်ကတ်များ ရရှိစေရေးအတွက် လမ်းညွှန်မှုများပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးပါသည်။

China Southern လေကြောင်းလိုင်းက လေယာဉ်နှင့် ဝန်ထမ်းများအတွက် ကပ်ရောဂါကာကွယ်ကုသရေး စီမံဆောင်ရွက်မှုများကို တင်းကြပ်စွာ အကောင်အထည်ဖော်ထားပြီး၊ လေယာဉ်ပေါ်၌ ကျွေးမွေးသည့်ဝန်ဆောင်မှုကိုလည်း လွယ်ကူရိုးရှင်းစေရန် စီစဉ် ထားပါသည်။ ၎င်းလေကြောင်းလိုင်းသည် ကာကွယ်ရေးစီမံဆောင်ရွက်မှုများကို ဆိုက်ရောက်မည့် လေဆိပ်များနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဟု သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ Newsgd.com (၁၅-၃-၂၀၂၂)

Category: China(Nanning)