China (HongKong)

မဟာပင်လယ်ကွေ့ဒေသလေကြောင်းလိုင်းသည် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံဒေသများစွာသို့ ခရီးစဉ်လမ်းကြောင်း (၁၀၄) ကြောင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း

Last Updated:

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် ဒေသ၏ အောင်မြင်ကျော်ကြားသည့် Cathay Pacific လေကြောင်းလိုင်းအား ယှဉ်ပြိုင်နိုင်မည့် မဟာပင်လယ်ကွေ့ဒေသလေကြောင်းလိုင်း (Greater Bay Airline) အား နိုင်ငံနှင့်ဒေသများစွာသို့ ခရီးစဉ်လမ်းကြောင်း (၁၀၄) ကြောင်းဖြင့် စတင်ပြေးဆွဲရန် ခွင့်ပြုလိုင်စင်ပေးအပ်ထားပြီးဖြစ်ကြောင်း ၂၂-၂-၂၀၂၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Greater Bay Airlines to fly 104 regional routes from Hong Kong Airport” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ Greater Bay Airline အား Commercial Flight  အနေဖြင့် ပြေးဆွဲနိုင်ရန် (၅) နှစ်ကာလ ခွင့်ပြုပေးထား ကြောင်း၊ အဆိုပါ ခွင့်ပြုလိုင်စင်တွင် Greater Bay Airline  Company Limited အနေဖြင့် ဟောင်ကောင်ဒေသမှ ခရီးသွားများ၊ ကုန်ပစ္စည်းများနှင့် အမြန်ချောပို့ စာပေးပို့ခြင်းများအတွက် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံနှင့် ဒေသများစွာသို့ ခရီး စဉ်လမ်းကြောင်း (၁၀၄) ကြောင်းဖြင့် အကြိမ်ရေ အကန့်အသတ်မရှိ အသုံးပြု ပေးပို့နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ခရီးစဉ်လမ်းကြောင်း (၁၀၄) ကြောင်းတွင် တရုတ်ပြည်မကြီး၊ ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အာရှ-ပစိဖိတ်ဒေသရှိ အခြားသောဒေသများ လည်းပါဝင်ကြောင်း၊ Greater Bay Airline သည် လေကြောင်းပျံသန်းခွင့် အသိအမှတ်ပြုလက်မှတ်အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လက ရရှိထားပြီးဖြစ်ကြောင်း၊ လေကြောင်းလိုင်းလိုင်စင်မှာ ခရီးသည်တင်လေယာဉ်များနှင့် ကုန်တင်လေယာဉ်များ ပြေးဆွဲရေး အစီအစဉ်ရေးဆွဲရန်အတွက် လိုအပ်ကြောင်း၊ လိုင်စင်ရရှိ ပြီးနောက်တွင် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲရန် သတ်မှတ်ထားသော နိုင်ငံများနှင့် ဒေသများမှ လေကြောင်းပြေးဆွဲ ပျံသန်းခွင့်ပြုချက်ရရှိရန် သက်ဆိုင်ရာလေကြောင်း အာဏာပိုင်များထံသို့ လျှောက် ထားခြင်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Greater Bay Airline သည် ၂၀၂၁ ခုနှစ်၊ စတုတ္ထသုံးလပတ်တွင် စတင်ပြေးဆွဲနိုင်ရန် မူလက စီစဉ်ထားသော်လည်း Air Licence မရရှိသေးသောကြောင့် ယာယီရွှေ့ဆိုင်းထားခြင်းဖြစ်ကြောင်း၊ Greater Bay Airline သည် ၎င်း၏ ပထမဆုံးလေယာဉ် Boeing 737 အား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ရရှိထားပြီး ဒုတိယမြောက်နှင့် တတိယမြောက်လေယာဉ်တို့ အား မကြာမီရရှိရန် စီစဉ်ထားကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ အောင်မြင်ကျော်ကြားသည့် Cathay Pacific လေကြောင်းလိုင်း၏ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားရာတွင် Cathay Pacific သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ မတိုင်မီက လေကြောင်းလိုင်း (၁၀၀) ကျော်နှင့်  ယှဉ်ပြိုင်လုပ်ကိုင်ခဲ့ရကြောင်း၊ နိုင်ငံတကာလေကြောင်းလိုင်း အချက်အချာကျသည့် ဟောင်ကောင်ဒေသနှင့် မဟာပင်လယ်ကွေ့ဒေသ၌ လေကြောင်းလိုင်း ပြေးဆွဲ ရန် အခွင့်အလမ်းများ ရရှိခဲ့ခြင်းဖြင့် စိတ်အားထက်သန်တက်ကြွစွာ ဆောင်ရွက်ခဲ့ကြကြောင်း၊ ယခုလက်ရှိတွင် ကမ္ဘာ့ကပ်ရောဂါ ကြောင့် လေကြောင်းလိုင်းလုပ်ငန်းအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိသော်လည်း ဆက်လက်လုပ်ကိုင်သွားမည် ဖြစ် သည်ဟု ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါမကြုံတွေ့မီက Cathay Group သည် ၎င်း၏ လက်အောက်ခံဖြစ်သည့် ယခုအခါ ပြေးဆွဲမှုရပ်ဆိုင်းခဲ့သည့် Cathay Dragon လေကြောင်းပါဝင်မှုဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသ (၉၃) ခုသို့ ပျံသန်းပြေးဆွဲခဲ့ ကြောင်း၊ သို့သော် ယခုလက်ရှိတွင် မြို့ကြီး (၄၁) မြို့သို့ ပြေးဆွဲရန် စီစဉ်ထားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

Greater Bay Airline နှင့် Cathay Pacific Airline တို့၏ဈေးကွက်မှာ တူညီမှုမရှိနိုင်ကြောင်း၊ Greater Bay Airline ၏ အသစ် ဝင်ရောက်မှုမှာ ၎င်း၏ကိုယ်ပိုင်ပုံစံနှင့် နည်းဗျူဟာတို့ဖြင့် ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ အဆိုပါလေကြောင်းလိုင်း နှစ်ခုအနေဖြင့် ပြေးဆွဲသည့် လမ်းကြောင်းများ ထပ်နိုင်သော်လည်း Cathay Pacific ၌ ယခင်ကတည်းက စီးနင်းလိုက်ပါသည့် ခရီးသည်များ ရှိသောကြောင့် အဆိုပါ လေကြောင်းလိုင်းအပေါ် ရိုက်ခတ်မှုမရှိနိုင်ကြောင်း၊ Greater Bay Airline အနေဖြင့် အခြားသော လေ ကြောင်းလိုင်းလုပ်ငန်းများစွာဖြင့် ယှဉ်ပြိုင်မှုများ ကြုံတွေ့ရမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: (22-2-2022) ထုတ် South China Morning Post သတင်းစာ

Category: China (HongKong)