India (Delhi)

မုံညင်းဆီတင်သွင်းမှုအပေါ် အကောက်ခွန်လျော့ချပေးရန် အိန္ဒိယလုပ်ငန်းရှင်များက အစိုးရထံတောင်းဆို

Last Updated:

ရုရှား- ယူကရိန်းစစ်ပွဲကြောင့် နေကြာဆီတင်သွင်းမှု ဈေးကွက်ပုံပျက်ယွင်းလျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံက ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုအား တားမြစ်ပိတ်ပင်ခဲ့သည့်နောက် အိန္ဒိယနိုင်ငံရှိ စားသုံးဆီလုပ်ငန်းရှင်များသည် ပြည်တွင်းသို့ ကန်နိုလာမုံညင်းဆီ (canola oil) တင်သွင်းမှုအပေါ် လက်ရှိကောက်ခံနေသည့် အကောက်ခွန်နှုန်း ၃၈.၅% မှ ၅.၅% သို့ လျော့ချပေးရန် အစိုးရထံ စာရေးသားပေးပို့ တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးဆီလုပ်ငန်းရှင်များက ၎င်းတို့အနေဖြင့် ပြည်တွင်း၌ စားသုံးဆီများရလွယ်နိုင်မှုကို အထောက်အကူပေးရန်နှင့် ဈေးနှုန်း တည်ငြိမ်ရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုလားလျက်ရှိပြီး ရောင်းလိုအားအပိုင်း၌ ကန့်သတ်ချက်များရှိနေချိန်တွင် သွင်းကုန် အပေါ် ကောက်ခံသည့် အခွန်နှုန်းထားအား ပမာဏများပြားစွာလျော့ချပေးခြင်းကသာ ထိုသို့လုပ်ဆောင်နိုင်မည်ဟု ပြောဆိုလျက် ရှိကြသည်။

အိန္ဒိယတောင်ပိုင်းရှိ တမီနာဒူ၊ အန္တရာပရာဒေ့ရှ်၊ တဲလန်ဂါနာနှင့် ကာနာတကာပြည်နယ်များ၌ နေကြာဆီကိုသာ စားဖိုဆောင်သုံး အဖြစ် အဓိကသုံးစွဲကြကြောင်း၊ ၎င်းပြည်နယ် ၄ ခု၌ လစဉ်နေကြာဆီစားသုံးမှုမှာ တန်ချိန် ၁၅၀,၀၀၀ ခန့်ရှိကြောင်း၊ သို့ရာတွင် ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပွားမှုက ဈေးကွက်သို့ ကုန်စည်ပေးသွင်းနိုင်မှုအပေါ် ဖိအားသက်ရောက်မှုရှိပြီး အိန္ဒိယတောင်ပိုင်း၌ လစဉ် နေကြာဆီတင်သွင်းနိုင်ရရှိနိုင်မှုမှာ တန်ချိန် ၇၀၀၀၀ သို့ ကျဆင်းခဲ့ကြောင်း၊ သို့ဖြစ်ရာ ၎င်းတို့အနေဖြင့် နေကြာဆီ၏နေရာ တွင် အစားထိုး သုံးစွဲနိုင်မည့် ဒုတိယမြောက် စား သုံးဆီကို လက်ငင်းလိုအပ်လျက်ရှိကြောင်း၊ အိန္ဒိယတောင်ပိုင်းရှိ စားသုံးသူများ အနေဖြင့် ပဲပုတ်ဆီနှင့် ရိုးရိုးမုံညင်းဆီ (mustard oil) တို့ကို နှစ်သက်မှုမရှိသဖြင့် ကန်နိုလာမုံညင်းဆီကသာ တစ်ခုတည်းသော အစားထိုး စားသုံးဆီဖြစ်‌ကြောင်းဖြင့် အိန္ဒိယနိုင်ငံတောင်ပိုင်း၌ အခြေပြု လုပ်ငန်းဆောင်ရွက်သည့် Gemini Edibles & Fats India စားသုံးဆီလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ Mr. Pradeep Chowdhry က Economic Times သတင်းဌာနသို့ ပြောကြားပါသည်။

စားသုံးဆီဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သော Sunvin Group မှ အမှုဆောင်အရာရှိချုပ် Mr. Sandeep Bajoria ကလည်း ကန်နိုလာမုံညင်းစေ့ ရိတ်သိမ်းရာသီမှာ ကုန်လွန်ခဲ့ပြီဖြစ်ကြောင်း၊ အကယ်၍ အစိုးရကသာ အကောက်ခွန်နှုန်းလျော့ချပေးပါက ကန်နိုလာမုံညင်းဆီ တင်သွင်းမှုဖြင့် ပြည်တွင်းဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပဲပုတ် ဆီနှင့် နေကြာဆီတို့နည်းတူ ကန်နိုလာမုံညင်းဆီအပေါ် ကောက်ခံသည့် သွင်းကုန်အခွန်ကို ၅.၅% သို့ လျော့ချပေးသင့်ကြောင်း၊ စားအုန်းဆီများတင်ပို့မှုကို တားမြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ကြေညာချက်ထုတ်ပြန်ချိန်၌ စားသုံးဆီဈေးနှုန်းများ မြင့်တက် လာခဲ့ကြောင်း၊ သို့ရာတွင် စားအုန်းဆီကြမ်းတင်ပို့မှုမှာ အကျုံးမဝင်ကြောင်း အင်ဒိုနီးရှားအစိုးရက ရှင်းလင်းချက် ထပ်မံထုတ်ပြန်မှု ကြောင့် ဈေးနှုန်းအနည်းငယ် ပြန်ကျခဲ့ကြောင်း၊ ကန်နိုလာမုံညင်းဆီများအား တိုးမြှင့်တင်သွင်းနိုင်ပါက ထိုထက်ပိုမို၍ ဈေးနှုန်းပြန် လည်ကျဆင်းနိုင်မည်ဖြစ်ကြောင်း ပြောဆိုပါသည်။

အမည်ထုတ်ဖော်လိုခြင်းမရှိသော စားသုံးဆီလုပ်ငန်းရှင်အချို့က အိန္ဒိယအစိုးရသည် ပြည်တွင်းမုံညင်းဆီထုတ်လုပ်မှုအပေါ် ဆိုး ကျိုးသက်ရောက်မှုရှိမည်ကို စိုးရိမ်မှုရှိနေကြောင်း၊ သို့ဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယတောင်ပိုင်းဒေသရှိ ချန်နိုင်း၊ မန်ဂ လော၊ ခရစ်ရှ်နာပတ်နမ်နှင့် ကာကီနာဒါ ဆိပ်ကမ်းများမှသာ ကန်နိုလာမုံညင်းဆီများအား တင်သွင်းခွင့်ပြုရေး အစိုးရသို့ တောင်း ဆိုထားကြောင်း၊ ထို့အပြင် စားသုံးသူများ၏ လက်ငင်းသက်သာမှု ရရှိစေရေးအတွက် စားအုန်းဆီကြမ်း တင်သွင်းမှုအပေါ် ကောက်ခံသော စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ထပ်ဆောင်းအခွန် ၅% ကိုလည်း သုညရာခိုင်နှုန်းသို့ လျော့ချပေး သင့်ကြောင်းဖြင့် ပြောကြားပါသည်။ ကန်နိုလာမုံညင်းဆီများအား အကောက်ခွန်လျော့ချပေးပါက အိန္ဒိယတောင်ပိုင်းဒေသများသို့ အာရပ်စော်ဘွားများပြည်ထောင်စုရှိ ဒူဘိုင်းမြို့မှတစ်ဆင့် လျင်မြန်စွာမှာယူ တင်သွင်းနိုင်သည့် အခြေအနေရှိကြောင်း သိရှိရပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Edible oil industry writes to govt seeking lower import duty on canola oil, 28-4-2022, Economic Times

Category: India (Delhi)