Korea

မြန်မာသံရုံးသို့ Industrial Bank of Korea (IBK) နှင့် KB Kookmin Bank တို့မှ အမေရိကန်ဒေါ်လာ (၁၅၆,၈၃၃) တန်ဖိုးရှိ မြန်မာနိုင်ငံအတွက် COVID-19 ရောဂါစမ်းသပ်ရေးပစ္စည်းများအား လှူဒါန်းမှု အခမ်းအနား ကျင်းပခဲ့

Last Updated:

၂၉-၄-၂၀၂၀ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံအခြေစိုက်  Industrial Bank of Korea (IBK) ၏ Vice President & Managing Director ဖြစ်သူ Mr. Kim Hyung-Il ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KB Kookmin Bank မှ Global Supporting Division ၏ အကြီးအကဲ Mr. Kim Hyeun Jong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်အား သီးခြားစီ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင်တတ်အားသရွေ့ပါဝင်လှူဒါန်းရန် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလဆန်း၌ ဘဏ်များနှင့်တွေ့ဆုံခဲ့စဉ်အစည်းအဝေးများတွင် မြန်မာသံရုံး၏ ဖိတ်ခေါ်ဆွေးနွေးထားခဲ့မှုအရ Industrial Bank of Korea (IBK) ဘဏ်မှ အမေရိကန် ဒေါ်လာ (၈၁,၅၉၃) တန်ဖိုးရှိ လူဦးရေ (၃၀၀၀) ကို စစ်ဆေးပေး နိုင်မည့် COVID-19 Detection Kit များနှင့် Viral Transport Medium (VTM) (COVID-19 Sample Collection Kit) (၅၀၀၀)ခု တို့ကိုလည်းကောင်း၊ KB Kookmin Bank မှ အမေရိကန် ဒေါ်လာ (၇၅,၂၄၀)တန်ဖိုးရှိ လူဦးရေ (၃၀၀၀)ကို စစ်ဆေးပေးနိုင်မည့် COVID-19 Detection Kit များနှင့် Viral Transport Medium (VTM) (COVID-19 Sample Collection Kit) (၃၀၀၀)ခု တို့ကိုလည်းကောင်း မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းသွားရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို သံရုံးဧည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထို့နောက် သံအမတ်ကြီးမှ ယခုကဲ့သို့ မြန်မာနိုင်ငံ၏လိုအပ်မှုနှင့်အချိန်ကိုက်ညီစွာ လှူဒါန်းပေးခြင်းအတွက် ဝမ်းမြောက်စွာ ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး၊ သက်ဆိုင်ရာဘဏ်များ၏ တာဝန်ရှိအကြီးအကဲများထံသို့ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ ဘဏ်များ၏ မြန်မာနိုင်ငံတွင် ရှေ့ဆက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြန်မာ -ကိုရီးယား နှစ်နိုင်ငံစီးပွားရေးရာပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးတို့အတွက် အစဉ်အလေးထား၍ဆောင်ရွက်သွားကြရန် အကြံပြုဆွေးနွေးပေးခဲ့ ပါသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၆,၈၃၃) တန်ဖိုးရှိ အဆိုပါ COVID-19 ရောဂါစမ်းသပ်ရေးဆေးပစ္စည်းများကို မေလဆန်းပိုင်းတွင် လက်ခံရရှိမည် ဖြစ်ပြီး Myanmar Airways International (MAI) လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea