Thailand

ယခုနှစ်အတွက် ထိုင်းအစားအစာ ပြည်ပတင်ပို့မှု ၅ ရာခိုင်နှုန်းတိုးတက်မည် ခန့်မှန်းခြင်း

Last Updated:

ရုရှား- ယူကရိန်း ပဋိပက္ခနှင့် နိုင်ငံအများအပြားတို့တွင် အစားအစာမလုံလောက်မှုအပေါ် စိုးရိမ်မှုများကြောင့် ယခုနှစ်အတွက် ထိုင်းအစားအစာ ပြည်ပတင်ပို့မှုအနေဖြင့် ပထမသုံးလပတ်တွင် (၂၆%) တိုးတက်ခဲ့ပြီးနောက် ယခုနှစ်တစ်နှစ်လုံးအတွက် (၅%) တိုးတက်မည်ဟု ထိုင်းအစားအစာ ပြည်ပတင်ပို့သူများက မျှော်မှန်းထားကြကြောင်း သိရှိရပါသည်။

ထိုင်းအစားအစာထုတ်လုပ်သူများအသင်း၏ ဂုဏ်ထူးဆောင်ဉက္ကဌ Visit Limlurcha က ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် နိုင်ငံအများအပြားတို့ အနေဖြင့် အစားအစာဖူလုံရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများတိုးပွားလာကာ အစားအစာတင်သွင်းသူများအနေဖြင့်လည်း အစားအစာပြတ်လပ်မှု မရှိစေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျှက်ရှိကြကြောင်း ဆိုပါသည်။

ကမ္ဘာ့အစားအစာ တင်ပို့ရောင်းချသူတစ်ဉီးအနေဖြင့် ထိုင်းနိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခမှ အကျိုးအမြတ်များရရှိခဲ့ကြောင်း၊ အစားအစာ ပြည်ပတင်ပို့သူများအနေဖြင့် ပထမသုံးလပတ်တွင် ထိုင်းဘတ်ငွေ (၃၂၄) ဘီလီယံအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းဘတ်ငွေ အား နည်းခြင်းကလည်း ပထမသုံးလပတ်တွင် အစားအစာတင်ပို့နိုင်ခဲ့ခြင်းအတွက် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်ခဲ့ကြောင်း၊ စုစုပေါင်းတင်ပို့မှုတွင် စက်မှုလုပ်ငန်းအစားအစာထုတ်ကုန်များအနေဖြင့် နှစ်အလိုက်တွင် (၄၀.၅%) တိုးတက်ခဲ့ပြီး ဘတ်ငွေ (၁၈၇) ဘီလီယံဖိုး ပါဝင်ခဲ့ကြောင်း၊ လယ်ယာ ထုတ်ကုန်အစားအစာများအနေဖြင့် နှစ်အလိုက်တွင် (၁၀%) တိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၃၈) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

အများဆုံးတင်ပို့နိုင်ခဲ့သည့် ထုတ်ကုန် (၁၀) မျိုးတွင် အပင်နှင်တိရစ္ဆာန်များမှ အဆီနှင့် စားသုံးနိုင်သော ဆီများ၊ သကြား၊ တင်လဲရည်၊ အစေ့အဆန် များ၊ ပြောင်း၊ အသားများနှင့် အခြားစားသုံးနိုင်သော တိရစ္ဆာန်အစိတ်အပိုင်းများ၊ ရေဘဝဲ၊ အိမ်မွေးတိရစ္ဆာန်၊အစားအစာများ၊ ဆန်၊ ငါးနှင့် ဟင်းခတ် အမွှေးအကြိုင်များ ပါဝင်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ဈေးကွက်များတွင် အာဆီယံ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဗြိတိန်၊ အိန္ဒိယ၊ နယ်သာလန်နှင့် ထိုင်ဝမ်တို့ ပါဝင်ကြကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် Zero Covid Policy မူဝါဒအရ အဓိကနယ်စပ်စစ်ဆေးရေးဂိတ်များကို ပိတ်လိုက်ခြင်းကြောင့် လတ်ဆတ်၊ အေးခဲနှင့် အခြောက်ခံထားသော သစ်သီးဝလံများမှလွဲ၍ အစားအစာထုတ်ကုန်အများစုမှာ ပထမသုံးလပတ်တွင် တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ နှစ်အလိုက် တွင် (၁၃%) တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ်အတွက် အစားအစာ ပြည်ပတင်ပို့မှုအနေဖြင့် (၅%) တိုးတက်မည်ဟု ခန့်မှန်းခဲ့ကြောင်း၊  စီးပွားရေး ပြန်လည်နာလန်ထူလာမှု၊ ကုန်သွယ် ဖက်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများ တိုးတက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများ၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အစားအစာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ နှောင့်နှေးမှုနှင့် စွမ်းအင်ဈေးနှုန်းကြီးမြင့်မှု၊ လယ်ယာထုတ်ကုန် ကုန် ကြမ်းစရိတ်များ၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်ပိုးမှုစရိတ်စကများ စသည့်များပြားလှသည့် အန္တရာယ်ရှိသည့်အချက်များစွာ ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

 

Category: Thailand