Brazil

ယူကရိန်းနိုင်ငံအတွင်း ရုရှတပ်များဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်တွင် ကုန်ပစ္စည်း ဈေးနှုန်းများ ရုတ်ချည်းမြင့်တက်

Last Updated:

ယူကရိန်းနိုင်ငံအတွင်းသို့ ဝင်ရောက်၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ရုရှနိုင်ငံ၏ကြေညာချက် ထွက် ပေါ်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများအပါအဝင် ကမ္ဘာ့လောင်စာစွမ်းအင် ကြိုပွိုင့်ဈေး နှုန်းများ ရုတ်ချည်းထိုးတက်သွားခဲ့ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင် ယနေ့ဖြစ်ပေါ်ခဲ့သည့် ဘရန့်ရေနံစိမ်း ၁ စည်လျင် အမေရိကန် ဒေါ်လာ ၁၀၀ အထက်သို့ ကျော်လွန်ရောက်ရှိမှုသည် ၂၀၁၄  ခုနှစ်ကာလနောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ဘရန့် ရေနံစိမ်းအပါအဝင် Crude Oil WTI (West Texas Intermediate) ဈေးနှုန်းများမှာလည်း တစ်ရက်အတွင်း ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် ရုရှစစ်တပ်များ ယူကရိန်းနယ်စပ်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်တွင် ကုန်ပစ္စည်းဈေးနှုန်းများ ရုတ်ချည်းထိုးတက်သွားခဲ့ကြောင်း၊ ထို့အပြင် သဘာဝဓာတ် ငွေ့ဈေးနှုန်းများလည်း ၆.၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ဈေးကွက်တွင်လည်း ရွှေနှုန်းများ ၃.၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး ရွှေအလေးချိန် ၁ ပေါင်လျင် ၁၉၇၀.၂၀ အထိ ဈေးနှုန်းများဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်သတင်းတွင် ဖော်ပြ ထားသည်။

အစောပိုင်းလများကတည်းက ရုရှနှင့် ယူရိန်းနယ်စပ်တစ်လျှောက်တွင် ရုရှတပ်များအား နေရာချထားခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ရုရှတပ်များအား ယူကရိန်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ရုရှသမ္မတ Vladimir Putin က အမိန့်ပေးခဲ့ကြောင်း၊  ရုရှကိုလိုလားသော ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ နယ်မြေ (၂) ခု၏ ကိုယ်ပိုင်နိုင်ငံအဖြစ် သီးခြားခွဲထွက်မှု အပေါ် ရုရှနိုင်ငံမှ အသိအမှတ်ပြုကြောင်း လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးနောက်တွင် ရုရှတပ်များ၏ တိုက်ခိုက်မှုများ စတင်ပေါ် ပေါက်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ၏မြို့တော် Kiev မြို့တွင်ပေါက်ကွဲသံများကြားနေရပြီး မြို့တော်၏လေဆိပ်ကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသခံပြည်သူအများစုသည် မြို့တော်ထွက်ခွာရန်ကြိုးစားနေကြကြောင်း ဒေသတွင်းသတင်းဌာန၏ ထုတ်လွှင့်ချက်ကို သတင်း တွင် ဖော်ပြထားသည်။

ရုရှနိုင်ငံ၏ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရုရှတို့၏ ကျူးကျော်ရန်စသည့်စစ်ပွဲသည် စတင်ခဲ့ပြီဖြစ်ကြောင်းနှင့် ရုရှတို့၏ဝင်ရောက် တိုက်ခိုက်မှုအပေါ်  ရုရှသမ္မတထံသို့ ကမ္ဘာ့ခေါင်းဆောင်များက ချက်ချင်းတားမြစ်ပေးရန် တောင်းဆိုကြောင်း ယူကရိန်းနိုင်ငံခြား ရေးဝန်ကြီး Dmytro Kuleba က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားမှုအား သတင်းတွင်ဖော်ပြခဲ့သည်။ အဆိုပါတိုက် ခိုက်မှုနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် ရုရှနိုင်ငံ၏ဘဏ်များနှင့် တစ်ဦးချင်းပိုင်ဆိုင်မှုများအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအဆင့်အနေဖြင့် ပိတ်ဆို့မှုများအား များမကြာမီကာလအတွင်း ကျယ်ပြန့်စွာလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ဩစတေးလျတို့အပြင် ဂျပန်နိုင်ငံတို့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

စစ်ဖြစ်နိုင်မည့်သတိပေးမှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သော်လည်း ရုရှတပ်များက ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ရန် မျှော်လင့်မထားကြကြောင်း၊ လောင်စာစွမ်းအင်နှင့်ပတ်သက်၍ ဥရောပနိုင်ငံများနှင့် ရုရှနိုင်ငံတို့သည် တစ်ဦးကိုတစ်ဦး အမှီသဟဲ ပြုနေရကြောင်း၊ ရုရှနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား ဆိုးရွားသည့်စစ်ရေးအခြေအနေ ဖြစ်ပေါ်နေသော်လည်း အခြေအနေများ ပြန်လည်တည်ငြိမ်နိုင်မည့် ကမ်းလှမ်းချက်များ ထွက်ပေါ်လာရန် မျှော်လင့်လျက်ရှိနေကြကြောင်း ကမ္ဘာ့အရေးလေ့လာသူ Oanda က သတင်းဌာနသို့ပြောကြားခဲ့သည်။ ထို့အပြင် ယခုစစ်ပွဲ၏ အကျိုးဆက်ကြောင့် စွမ်းအင်ကဏ္ဍအပေါ်တွင် ဆိုးကျိုးရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်အပေါ်တွင် ထိခိုက်မှုများကြီးထွားလာမည်ကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်လျက်ရှိကြကြောင်း သတင်းတွင်ဖော်ပြထား သည်။

ယူကရိန်းနိုင်ငံ၏အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ ကမ္ဘာ့လောင်စာစွမ်းအင်ဈေးကွက်အပေါ်တွင် ရိုက်ခတ်မှုများရှိလာမည် ဖြစ် ကြောင်း၊ ဥရောပနိုင်ငံအများစုသည် ရုရှနိုင်ငံမှထုတ်လုပ်သော သဘာဝဓာတ်ငွေ့အပေါ်တွင် အဓိကမှီခိုရလျက်ရှိရာ ပိတ်ဆို့မှုများ ကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဓာတ်ငွေ့လိုအပ်ချက်အား သဘာဝဓာတ်ငွေ့များတင်ပို့နေသည့် အမေရိကန်နိုင်ငံက ဝင်ရောက် ဖြေရှင်းပေးနိုင်ပါက သဘာဝဓာတ်ငွေ့ရရှိနိုင်မှုအပေါ်တွင် အထိုက်အလျှောက် ပြေလည်မှုရှိနိုင်မည်ဖြစ်ကြောင်း Wall Street Bank မှ သုသေတနပညာရှင် Goldman Sachs က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ဘရာဇီးလ်နိုင်ငံစံတော်ချိန် နံနက် ၉ နာရီအချိန်တွင် ကမ္ဘာ့ဈေးကွက်အတွင်းရှိ  WTI ရေနံစိမ်း ၁ စည် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၉.၁၃ ဈေးနှုန်းဖြစ်ပေါ်ခဲ့သဖြင့် ယခင်နေ့ကထက် ၇.၆၃ ရာခိုင်နှုန်းမြင့်တက်သွားခဲ့ကြောင်း၊ ဘရန့်ရေနံစိမ်းဈေးနှုန်းများသည် ICE platform (the Intercontinental Exchange Inc.) အပေါ်တွင် ဖြစ်ပေါ်လျက်ရှိရာ ဧပြီလ အတွက် ကြိုပွိုင့်ရေနံစိမ်း ၁ စည်တန်ဖိုးသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တစ်ရက်တည်းအတွင်း ၈ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်း အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းရုတ်ချည်းမြင့်တက်မှုသည် ၂၀၁၄ ခုနှစ်နောက်ပိုင်းကာလအတွင်း ပထမဆုံး အကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ရေနံစိမ်း ၁ စည် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၀ အထက်သို့ ကျော်လွန်သွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br, bloomberg.com, noticiasagricolas.com

Category: Brazil