Germany

ယူရိုငွေကြေး တန်ဖိုးကျဆင်းမှုဖြစ်ပေါ်

Last Updated:

ယူရိုငွေကြေးတန်ဖိုးသည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပေါ်ပြီးနောက်ပိုင်း နှစ်ပေါင်း (၂၀) အတွင်း ပထမဦးဆုံးအကြိမ် တန်ဘိုးကျဆင်းမှုဖြစ်ပေါ်ခဲ့ ရာ ယခုသီတင်းပတ်အတွင်း တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ ၁.၀၀၀၇ ပတ်ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး ယူရိုဇုန်ဒေသစားသုံးသူများအကြား စိုးရိမ် ပူပန်မှုများဖြစ်ပေါ်လာစေပါသည်။ ဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်လာမှုနှင့် ရုရှားနိုင်ငံမှ သဘာဝဓါတ်ငွေ့ရရှိမှုဖြတ်တောက်နိုင်မှုအပေါ် စိုးရိမ်ထိတ် လန့်နေမှုတို့က ရင်းနှီးမြှုပ်နှံသူများကို မတည်ငြိမ်မှုဖြစ်စေပြီး အမေရိကန်ငွေကြေးနှင့်နှိုင်းယှဉ်လျှင် ယူရိုဇုန်ဒေသ စီးပွားရေးနှင့် ယူရို ငွေကြေးကျ ဆင်းမှုကို ဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။ အခြားအကြောင်းတစ်ချက်မှာ  အမေရိကန်နိုင်ငံ Federal Reserve က ငွေကြေးဖောင်းပွမှုနှုန်းကို ကျဆင်းစေရန် အတိုးနှုန်းကို တိုးမြှင့်ပေးလာချိန်တွင် European Central Bank (ECB) က အတိုးနှုန်းကို အနည်းဆုံးထားရှိရန် လိုလားနေဆဲရှိခြင်းဖြစ်ပါသည်။ Federal Reserve ၏ အတိုးနှုန်း မှာ ၃ ရာခိုင်နှုန်းထိမြင့်တက်လာရန် မျှော်မှန်းထားပြီး ယူရိုဇုန်ဒေသတွင် ပျမ်းမျှ ၁ ရာခိုင်နှုန်းသာ ထားရှိဆဲဖြစ်သည်။ အမေရိကန်ဒေါ်လာနှင့် ယူရိုငွေကြေးတန်ဖိုး နှစ်ခုညီမျှမှုအခြေအနေတစ်ခုကို များ မကြာမီ ရောက်ရှိလာနိုင်မည်ဟုလည်း ခန့်မှန်းထားရှိနေကြပါသည်။ လာမည့်သီတင်းပတ်အတွင်း ECB က အတိုးနှုန်းကို အနည်းငယ်မျှ တိုးမြှင့်ပေး လာနိုင်ဖွယ်ရှိကြောင်း၊ ၁၀နှစ်ကျော်ကာလအတွင်း ECB ၏ ပထမဆုံးအကြိမ် စဉ်းစားဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း ခန့်မှန်းသုံးသပ်နေကြပါ သည်။

ယူရိုငွေကြေးတန်ဖိုးကျဆင်းမှုက ဥရောပနိုင်ငံများ၏ သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာဖြင့် ပေးချေရသော တင်သွင်းမှုများ၌ ယခင်ထက် ပိုမို စရိတ်ကြီးမြင့်ခြင်းများရှိလာနိုင်ပြီး ကုန်ကြမ်းများ၊ တစ်ဝက်တစ်ပျက်ကုန်ချောများ တင်သွင်းခြင်းမှလည်း စရိတ်များ ထပ်မံကုန်ကျမှုရှိ၍ ပြည်တွင်း ဈေးနှုန်းများ မြင့်တက်လာမှုကို ဖြစ်ပေါ်လာစေနိုင်ပါသည်။ တစ်ဖက်တွင် ပို့ကုန်ပိုင်း၌ အမေရိကန်ဒေါ်လာဖြင့် ချုပ်ဆိုတင်ပို့သော လုပ်ငန်းများ အတွက် ယခင်ကထက် အကျိုးဖြစ်ထွန်းမှုရှိနိုင်သော်လည်း လက်ရှိ Supply chain မတည်ငြိမ်မှုနှင့် အခြားအကြပ်အတည်းများနှင့် တွေ့ကြုံနေရ ချိန်တွင် များစွာသက်ရောက်မှုမရှိနိုင်ကြောင်း ထောက်ပြပြောဆိုကြပါသည်။ ဥရောပသို့ လာရောက်လည်ပတ်သည့် အမေရိကန်ခရီးသွားများ အတွက်မူ အမေရိကန်ဒေါ်လာနှင့် ယူရို ငွေကြေးလဲလှယ်မှု ကွာခြားမှုမရှိခြင်းကြောင့် အကျိုးဖြစ်ထွန်းလာစေပါသည်။

ဂျာမနီနိုင်ငံ Deutsche Bank မှ foreign exchange research ဌာနမှူး Mr.George Saravelos က ယူရိုနှင့် အမေရိကန်ငွေကြေး တန်ဖိုးနှစ်ခု ညီမျှမှု အခြေအနေမှ  ထပ်မံ၍ ယူရိုတန်ဖိုးကျဆင်းနိုင်ပြီး ၁ ယူရိုလျှင် ၀.၉၅ မှ ၀.၉၇  ဒေါ်လာခန့်ထိ ရောက်ရှိသွားနိုင်ကြောင်း ခန့်မှန်းပြောဆိုပါသည်။ ယူရိုငွေကြေးတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်သာမက အခြား ဆွဒ်ဖရန့်ငွေကြေးနှင့် ဂျပန်ယန်းငွေကြေးတို့နှင့် ဖလှယ်မှုနှုန်းထားများမှာလည်း ကျဆင်းလာလျှက် ရှိနေပါသည်။

ယူရိုဇုန်ဒေသ ငွေကြေးဖောင်းပွမှုနှုန်း (Harmonised Index of Consumer Prices-HICP) မှာ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ၇.၄ ရာခိုင်နှုန်းမှ မေလတွင် ၈.၁ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပါသည်။ ECB အနေဖြင့် ယူရိုဇုန်ဒေသ အတိုးနှုန်းကို ဒသမပွိုင့်ဂဏန်း အနည်းငယ်တိုးကာ ငွေကြေးဖောင်းပွမှုကို ကုစားနိုင်ရန်နှင့် ငွေကြေးတန်ဖိုးကျဆင်းမှုကို ကာမိစေရန် ကြိုးပမ်းလျှက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ECB သည် အီးယူအဖွဲ့ဝင် (၁၉) နိုင်ငံ (ဩစတြီးယား၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ လပ်ဗီးယား၊ ပေါ်တူဂီ၊ ခရိုအေးရှား၊ ဘယ်လ်ဂျီယံ၊ လစ်သူရေးနီးယား၊ ဆလိုဗေးကီးယား၊ ဆိုက်ပရပ်၊ လူဇင်ဘတ်၊ အက်စတိုးနီးယား၊ အိုင်ယာလန်၊ ဆလိုဗေးနီးယား၊ စပိန်၊ ဖင်လန်၊ နယ်သာလန်၊ မာလ်တာ) ကိုယ်စားပြုဗဟိုဘဏ်တစ်ခုဖြစ်ပြီး သုံးစွဲသူလူဦးရေ (၃၄၀)သန်းရှိကာ ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source:https://www.dw.com/en/what-a-sinking-euro-means-for-consumers-in-europe-and-us/a-62437126

Category: Germany