Germany

ယူရိုဇုန်အတိုးနှုန်းထပ်မံတိုးမြှင့်

Last Updated:

European Central Bank (ECB) သည် ယူရိုဇုန်အတိုးနှုန်းကို ၀.၇၅ ပွိုင့်အထိ ၈.၉.၂၀၂၂ ရက်က တိုးမြှင့်လိုက်ပါသည်။ ယူရိုဇုန်ဒေသ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဇူလိုင်လတွင် ၈.၉ ရာခိုင်နှုန်းမှ ဩဂုတ်လတွင် ၉.၁ ရာခိုင်နှုန်း သို့ ရောက်ရှိခဲ့ပြီးနောက် ECB က အတိုးနှုန်း ထပ်မံမြှင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုတိုးမြှင့်ခြင်းသည် ဇူလိုင်လအတွင်းက ၀.၅၀ ပွိုင့် တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ် တိုးမြှင့်ခြင်းဖြစ်ပါသည်။ ECB တွင် အဖွဲ့ဝင် (၂၅) ဦးရှိပြီး မူလရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်း ၂ ရာခိုင်နှုန်းထက် များစွာမြင့်မားနေခြင်းကြောင့် ဆက်လက်၍ အတိုးနှုန်းများကို တိုးမြှင့်ဘွယ်ရှိကြောင်း ECB က ထုတ်ပြန်ခဲ့ပါသည်။ ယခုတိုးမြှင့်လိုက်မှုအရ  အပ်ငွေ ပေါ်အတိုးနှုန်း ၀.၇၅ ရာခိုင်နှုန်းဖြစ်ပြီး ဘဏ်ချေးငွေပေါ်အတိုးနှုန်းမှာ ၁.၂၅ ရာခိုင်နှုန်းဖြစ်ပါသည်။ ဈေးနှုန်းများမြင့်တက်မှုသည် စွမ်းအင်ဈေးနှုန်းများအပြင် စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုဈေးနှုန်းများ အားလုံးမြင့်တက်လာမှုကြောင့် ဖြစ်ပါသည်။ ECB ၏ အတိုးနှုန်းတိုးမြှင့်မှုသည် အမေရိကန်နိုင်ငံနှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများတွင် တိုးမြှင့်မှုထက် နောက်ကျနေလျှက်ရှိကြောင်း ဝေဖန်ပြောဆိုမှုများရှိနေပါသည်။

ECB နှင့် ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများရှိ ဗဟိုဘဏ်များတွင် စီးပွားရေးတိုးတက်မှုရရှိရန်နှင့်  ငွေကြေးဖောင်းပွမှုနှုန်းကို ၂ ရာခိုင်နှုန်းပတ်ဝန်းကျင်တွင် ထိန်းထားစေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကြပ်အတည်းကာလပြီး နောက်ပိုင်းကာလများမှစတင်၍ အတိုးနှုန်းကို သုညရာခိုင်နှုန်းဝန်းကျင်တွင်ထားရှိခဲ့ကြရာ စီးပွားရေးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းများကို ထိခိုက်မှုမရှိစေဘဲ ဟန်ချက်ညီစွာဆောင်ရွက်နိုင်ခဲ့ကြသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားခြင်းနှင့် နိုင်ငံရေး၊ စီးပွားရေးအကြပ်အတည်းကာလများအတွင်း ယခင်ကဲ့သို့ ထိန်းညှိနှိုင်ခြင်းမရှိဘဲ အတိုးနှုန်းများ မြှင့်တင်လာရသည့်အခြေအနေသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။

ဂျာမန်ဖက်ဒရယ်ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner က ပါလီမန်၌ မိမိတို့တွင် စီးပွားရေးအရ ကြီးမားသည့်စိန်ခေါ်မှုများနှင့် တွေ့ကြုံနေရသည့်အခြေအနေဖြစ်ကြောင်း၊ ဦးစွာ ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ECB President Ms.Christine Lagarde ကလည်း နောက်ထပ် အစည်းအဝေးများစွာပြုလုပ်၍ အတိုးနှုန်းမြှင့်တင်ရေးအတွက် ဆွေးနွေးသွားရန်ရှိကြောင်း၊ မူလရည်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်းအတိုင်း ပြန်ရောက်ရန်လိုအပ်ကြောင်း၊ ယူရိုဇုန်ဒေသ စီးပွားရေးမှာ ကျဆင်းလာနေပြီး ယခုနှစ်ကုန်ပိုင်းနှင့် ၂၀၂၃ ခုနှစ်အစောပိုင်းကာလများတွင် ရပ်တန့်နေမည့် အလားအလာတွင်ရှိနေကြောင်း ပြောဆိုခဲ့ ပါသည်။ ယူရိုဇုန်စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၂ ခုနှစ်အတွက် ၃.၁ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ်တွင် ၀.၉ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၁.၉ ရာခိုင်နှုန်း ခန့်မှန်းထားရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source:https://www.dw.com/en/european-central-bank-hikes-interest-rates-by-75-basis-points/a-63056854
 

 

Category: Germany