Belgium

ယူရိုဇုန်၏ လက်လီရောင်းချမှု ကပ်ရောဂါကာလမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ခြင်း

Last Updated:

ယူရိုဇုန်တွင် လက်လီရောင်းချမှုပမာဏမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ပြန်လည်တိုးတက်လာခဲ့ပြီး၊ အသွားအလာကန့်သတ်မှုများမပြုလုပ်မီကာလဖြစ်သည့် ဖေဖော်ဝါရီလက ရောင်းချမှုအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း၊ ယူရိုဇုန်၏ဇွန်လအတွင်း လက်လီရောင်းချမှုသည် မေလ၌ ရောင်းချမှုပမာဏထက် ၅.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဥရောပစာရင်းအင်းအဖွဲ့အစည်း Eurostat ၏ စာရင်းဇယားများအရ သိရသည်။ အဝတ်အထည် များနှင့် ကားလောင်စာဆီများတွင် သုံးစွဲမှုတိုးတက်ခဲ့ခြင်းကြောင့် လက်လီရောင်းချမှုပြန်လည်တိုးတက်လာခြင်းဖြစ်သည်။

လက်လီရောင်းချမှုပမာဏတိုးတက်ခဲ့သော်လည်း စီးပွားရေးပညာရှင်များ ခန့်မှန်းထား သည့် ၅.၉ ရာခိုင်နှုန်းထက် အနည်းငယ်လျော့နည်းခဲ့ကြောင်း၊ လက်လီရောင်းချမှုသည် မေလနှင့် ဇွန်လတို့တွင် (၂) လဆက်တိုက် တိုးတက်ခဲ့သဖြင့် ယူရိုဇုန်နိုင်ငံများ၌ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ် နိုင်ရေး Lockdowns များ ပြုလုပ်ခဲ့ရသည့် မတ်လနှင့် ဧပြီလတို့အတွင်း စံချိန်တင်ကျဆင်းခဲ့သည့် အခြေအနေအား ပြန်လည်ချိန်ညှိလာနိုင်ခြင်းဖြစ်ကြောင်း Eurostat က ပြောကြားသည်။

ယခုနှစ်၊ ဇွန်လတွင် လက်လီဝယ်ယူမှုပမာဏသည် ယခင်နှစ်ကထက် ၁.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် ပထမဆုံးအကြိမ် နှစ်စဉ်နှိုင်းယှဉ်ချက်၌ တိုးတက် လာခြင်းဖြစ်ရာ ယူရိုဇုန်၏ လက်လီရောင်းချ မှုသည် အကျပ်အတည်းကာလမတိုင်မီက အဆင့်သို့ ပြန်လည်ရောက်ရှိလာသည့် လက္ခဏာဖြစ်ကြောင်း Eurostat အရ သိရသည်။ လအလိုက် နှိုင်းယှဉ်ချက်တွင် ဇွန်လ၌ လက်လီရောင်းချမှု ဂဏန်း(၂) လုံးဖြင့် တိုးတက်ခဲ့သည့် နိုင်ငံများမှာ အိုင်ယာလန်၊ အီတလီနှင့် စပိန်နိုင်ငံတို့ဖြစ်ကြပြီး၊ ဂျာမနီနှင့် သြစတြီးယားနိုင်ငံတို့တွင်မူ မေလက တိုးတက်ခဲ့သည့်အခြေအနေမှ တစ်ဖန်ပြန်လည်ကျဆင်းခဲ့သည်။ ယူရိုဇုန်တွင် လအလိုက် နှိုင်းယှဉ်ချက်အရ အထည်အလိပ်၊ အဝတ်အထည်နှင့် ဖိနပ်များရောင်းချမှုသည် ၂၀.၄ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း၊ စားသုံးသူများသည် ကားလောင်စာဆီ၊ ကွန်ပျူတာပစ္စည်းကိရိယာများနှင့် စာအုပ်များကို လည်းပိုမိုဝယ်ယူမှုရှိခဲ့ကြကြောင်း၊ စားသုံးသူများအနေဖြင့် ရောင်းချရာနေရာများသို့ ကိုယ်တိုင် ကိုယ်ကျသွားရောက်ဝယ်ယူမှုများကို ပြန်လည်လုပ်ဆောင်လာကြသဖြင့် ဇွန်လတွင် အွန်လိုင်းမှ ရောင်းချရမှုသည် ၆.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

 

 

( စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -   (Reuters၊ Eurostat ၊ ၅-၈-၂၀၂၀)

Category: Belgium