Thailand

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) အနေဖြင့် ထိုင်းကုမ္ပဏီများကို တောင်အာရှသို့ တိုးချဲ့ရန် တွန်းအားပေးလျက်ရှိ

Last Updated:

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BOI) အနေဖြင့် ထိုင်းကုမ္ပဏီများကို တောင်အာရှဈေးကွက်များသို့တိုးချဲ့ရန် အားပေးလျှက်ရှိပါသည်။ အကြောင်းမှာ နိုင်ငံများစွာတို့သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်များ လိုအပ်နေသောကြောင့်ဖြစ်ပါသည်။

BOI မှ ထိုင်းနိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဒုတိယညွှန်ကြားရေးမှူး Ratanawimon Nareesukreekhet က ဘင်္ဂလားဒေ့ရှိ၊ မော်လဒိုက်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် သီရိလင်္ကာတို့သည် ထိုင်းကုမ္ပဏီများအတွက် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် BOI အနေဖြင့် ထောက်ခံရန် ပစ်မှတ်ထားသောနိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တောင်အာရှနိုင်ငံများအနေဖြင့် နိုင်ငံအများအပြားက အခြေခံအဆောက်အဉီ စီမံကိန်းများ ပြုလုပ်နေစဉ်တွင် စီးပွားရေး အခွင့်အလမ်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရှိနေသည်ဟု သူမက ပြောကြားခဲ့ပါသည်။ BOI အနေဖြင့် အဆိုပါ ဒေသတွင်းရှိ အစိုးရများထံချဉ်းကပ်ခဲ့ပြီး ထိုင်းကုမ္ပဏီများအား ထိုနိုင်ငံများသို့ သွားရောက်ရင်းနှီးမြှုပ်နှံရန် အနီးကပ် လုပ်ဆောင် လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

Ms. Ratanawimon က ပြောကြားရာတွင် တောင်အာရှတွင် လမ်းများ၊ အဆောက်အဉီများနှင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံများ စတင်ဆောက်လုပ်ရန် စီစဉ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိနေကြောင်း ပြောကြားခဲ့ပါသည်။

ထိုအပြင် BOI အနေဖြင့် အိမ်နီးချင်းနိုင်ငံများတွင် အရှိန်အဟုန်ဖြင့်တိုးတက်နေသော GDP တိုးတက်မှုနှုန်းကို ဆုပ်ကိုင်နိုင်ရန် ထိုင်းကုမ္ပဏီများအား ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများတွင် ဆက်လက်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် ရန်အားပေးခဲ့ပါသည်။

 အိမ်နီးချင်း (၄) နိုင်ငံတွင် အလားအလာရှိသော ကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ ချည်မျှင်နှင့် အဝတ်အထည်၊ ခရီးသွား လုပ်ငန်းနှင့် ဝန်ဆောင်မှု၊ အစားအစာနှင့် အဖျော်ယမကာ၊ လက်လီနှင့် ထုတ်ပိုးမှုများနှင့် ထိုင်းကုမ္ပဏီများသည် စားသုံးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် သူတို့၏ စီးပွားရေးလုပ်ငန်းများကို ချဲ့ထွင်နိုင်စွမ်းရှိကြောင်း Ms. Ratanawimon က ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ဌာနခွဲ (BIO Division) အနေဖြင့် ထိုင်းကုမ္ပဏီများအား ၂၀၁၀ ခုနှစ်မှ စတင်၍ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန်နှင့် မြှင့်တင်ရန် မူဝါဒရှိခဲ့ပါသည်။ Ms.Ratanawimon က ပြောကြားချက်အရ BIO သည် အဆိုပါ မူဝါဒကို အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့အာရှကဲ့သို့သော ဒေသများသို့ ထွန်းသစ်စ စီးပွားရေးဒေသ များတွင်လည်း အသုံးချရန် စီစဉ်နေကြောင်းသိရှိရပါသည်။

ဘတ်ငွေတန်ဖိုးမြင့်တက်မှုက ရေရှည်တွင် ရင်းနှီးမြှုပ်နှံမှုမှ အကျိုးရှိမည်ဟု မျှော်လင့်သောကြောင့် ပြည်ပသို့လုပ်ငန်းချဲ့ထွင်ရန် မျှော်လင့်နေသော ထိုင်းကုမ္ပဏီများအတွက် အထောက်အကူ ဖြစ်သည်။

 မကြာသေးမီက တစ်နေ့အနည်းဆုံးလုပ်ခ တိုးမြှင့်မှုသည် တစ်နည်းအားဖြင့်ဆိုသော် ထိုင်းကုမ္ပဏီများအတွက် ဆိုးကျိုးကို သက်ရောက်စေကြောင်း Ms.Ratanawimon က ပြောကြားခဲပါသည်။

ကုမ္ပဏီများအနေဖြင့် ဘတ်ငွေတန်ဖိုးမြင့်တက်မှုကို အခွင့်ကောင်းယူကာ လုပ်အားခ ဈေးသက်သာသော ဈေးကွက်သစ်များကို ရှာဖွေ၍ အမြန်ဆုံးရွှေ့ပြောင်းရမည် ဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါသည်။

BIO တွင် နိုင်ငံခြားဈေးကွက်ကို ကြည့်ရှုနေကြသော ထိုင်းကုမ္ပဏီများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနေသော One stop service နှင့် လေ့ကျင့်ရေးသင်တန်းဗဟိုတို့ပါဝင်သော ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့စင်တာ လည်းရှိနေပါသည်။ အဆိုပါ စင်တာမှ ထိုင်းကုမ္ပဏီများအား အခြားတိုင်းပြည်များဆိုင်ရာ ဗဟုသုတများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံကောင်းများ ပေးအပ်ခြင်းဖြင့် အထောက်အကူပေးလျှက်ရှိပါသည်။ အဆိုပါစင်တာတွင် ကုမ္ပဏီပေါင်း (၆၀၉) ခုအတွက် သင်တန်း အမျိုးအစား (၁၇) ခုရှိပါသည်။

ကုမ္ပဏီအများစုမှာ SMEs လုပ်ငန်းများ (သို့မဟုတ်) မိသားစုစီးပွားရေးလုပ်ငန်းများဖြစ်ကြပါသည်။ အကြောင်းမှာ ဒုတိယ (သို့မဟုတ်) တတိယမျိုးဆက် second or third generations များအနေဖြင့် ၎င်းတို့၏ ကုမ္ပဏီများကို ပြည်ပဈေးကွက်များတွင် ချဲ့ထွင်ရန်ရည်ရွယ်ထားသည်ဟု Ms.Ratanawimon က ပြောကြားခဲ့ပါသည်။ အချို့ကုမ္ပဏီကြီးများအနေဖြင့် စင်တာတွင် ပါဝင်ကြပြီး ၎င်းတို့၏ ဝန်ထမ်းများကို BIO နှင့် လေ့ကျင့်သင်ကြားပေးရန် ခေါ်ယူခဲ့ကြပါသည်။ အများစုမှာ ဆောက်လုပ်ရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်ကဏ္ဍတို့ဖြစ်ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

 

Category: Thailand