Thailand

ရင်းနှီးမြှုပ်နှံမှုအနေဖြင့်ယခုနှစ်ကုန်တွင်ဘတ်ငွေ(၆၀၀)ဘီလီယံ ရှိလာနိုင်ခြင်း

Last Updated:

အစိုးရအနေဖြင့် ယခုနှစ် ရင်းနှီးမြှုပ်နှံမှုအလားအလာနှင့်ပတ်သက်၍ စိတ်အားတက်ကြွလျှက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) မှတစ်ဆင့်ယခုနှစ်ကုန်တွင် စီမံကိန်းလျှောက်ထားမှုပေါင်းမှာ တန်ဖိုးအားဖြင့် ဘတ်ငွေ (၆၀၀) ဘီလီယံအထိရှိနိုင်ကြောင်း၊ ၎င်းမှာ ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့သည့် တန်ဖိုးနီးပါးခန့်ရှိကြောင်း သိရှိရပါ သည်။

နိုင်ငံအတွင်း Covid-19 ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာများ တင်ပြထားမှုတန်ဖိုးမှာ ယခင်ကအတိုင်း ရှိနေ ဆဲဖြစ်ကြောင်း

ယခုနှစ်ပထမကိုးလအထိ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) သို့ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုအတွက် တင်ပြသည့်လျှောက်ထားမှု စုစုပေါင်းတန်ဖိုးမှာ ထိုင်းဘတ်ငွေ (၅၂၀) ဘီလီယံရှိပြီး ယခင်နှစ်အလားတူကာလတွင် တင်သွင်းသည့်လျှောက်ထားမှုတန်ဖိုး (၂၁၇) ဘီလီယံထက် နှစ်ဆကျော် ပိုမိုများပြားနေကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအတွက် လျှောက်ထားမှုများသည် ဘတ်ငွေ (၇၅၆) ဘီလီယံရှိခဲ့ပြီး၂၀၂၀ ခုနှစ်တွင် ဘတ်ငွေ (၄၈၁) ဘီလီယံရှိခဲ့ကြောင်းသိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) ၏ စီမံကိန်းပရောဂျက်များအရ ပထမ (၉) လအတွင်း စီမံကိန်း ပရောဂျက်လျှောက်ထားမှုပေါင်း (၁,၂၇၃) ခုရှိပြီး ၎င်းမှာ နှစ်အလိုက် တွင် ရှိခဲ့သော စီမံကိန်းပရောဂျက် (၁,၀၇၃) ထက် ပိုများခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၀ ခုနှစ် တစ်နှစ်လုံးအတွက် စီမံကိန်းပရောဂျက် တင်ပြမှုပေါင်း (၁,၆၂၃) ခုရှိခဲ့ ကြောင်း သိရှိရပါသည်။ ပစ်မှတ် (target) ထားသော ကဏ္ဍ (၁၂) ခုအတွက် စုစုပေါင်း စီမံကိန်းတင်ပြမှု (၆၀၅) ခုရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ်ငွေ (၂၇၀) ဘီလီယံရှိကြောင်း၊ ယမန်နှစ်ကာလတူတွင် ရှိခဲ့သော စီမံကိန်းပရောဂျက် တင်ပြမှုပေါင်း (၅၃၃) ခု တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၂၇) ဘီလီယံထက်ပိုများကြောင်း ဖေါ်ပြ ထားပါသည်။

အစိုးရအနေဖြင့် BOI သို့တင်သွင်းသော ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာများ၏ တန်ဖိုးမှာ နောက်နှစ်တွင် ဆက်လက်မြင့်တက်နေဉီးမည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းမှာ စီးပွားရေးတိုးတက်မှုအတွက် တွန်းအားပေးရာတွင် အဓိကအခန်းမှ ပါဝင်နေမည်ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ အစိုးရအနေဖြင့် လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံမှု အသစ်များကို ဆွဲဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြီးရင်းနှီး မြှုပ်နှံမှုမူဝါဒများ   ပိုမိုကောင်းမွန်တိုးတက်လာစေရန်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတွင်   ပထမ S-curve စက်မှုလုပ်ငန်းများ (လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၊ မော်တော်ကားနှင့် အစိတ်အပိုင်းများ၊ ရေနံနှင့် ဓါတုဗေဒလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရေးလုပ်ငန်းများနှင့် New S-curve စက်မှုလုပ်ငန်းများဖြစ်သည့် စက်ရုပ်များ (robotics)၊ လေကြောင်းနှင့် သယ်ယူပို့ဆောင်ရေး၊ ဒီဂျစ်တယ်လုပ်ငန်းများ၊ ဇီဝလောင်စာနှင့် ဇီဝဓါတုပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ စသည်တို့ပါဝင်ကြောင်း သတင်းတွင် ဖေါ်ပြထားပါသည်။

နေရောင်ခြည်စွမ်းအင်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် သန့်ရှင်းသော စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအများအပြားကို လာမည့်နှစ်တွင် အကောင်အထည်ဖေါ်နိုင်ရန် စီစဉ်ထားကြောင်းနှင့် လျှပ်စစ်ကား (Evs) များကဏ္ဍသည် လာမည့်နှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

 

Category: Thailand