China (HongKong)

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ကြွေးမြီတင်ရှိနိုင်မှုနှင့်စွန့်စားရမှုနယ်ပယ်အဆင့်တို့နှင့် ပတ်သက် ၍ အသိပေးအကြောင်းကြားရမည်ဖြစ်ကြောင်း

Last Updated:

တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုသည့် ငွေကြေးမှာ အမေရိကန်ပြည်ထောင်စု(သို့မဟုတ်) အခြားသော အင်အားကြီးနိုင်ငံများထက် ပိုမိုများပြားလျက်ရှိကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းရန် ကြွေးမြီတင်ရှိနိုင်မှုနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့် စွန့်စားရမှုနယ်ပယ်အဆင့်တို့နှင့် ပတ်သက်၍ စိုးရိမ်နိုင်ဖွယ်ရှိသည့် အချက်များကို အသိပေးထားရမည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Sarah Zheng က “Belt and Road Scheme ‘Must Address Debt and Risk Level ”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်း၌ ၂၀၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းသည် (၅) နှစ်တာ ကာလအတွင်းတွင်တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ (၈၅.၄) ဘီလီယံ သုံးစွဲခဲ့ပြီး အမေရိကန်၏ အသုံးစရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၃၇) ဘီလီယံ သုံးစွဲခဲ့ကြောင်း၊ အဆိုပါ အသုံးစရိတ် မြင့်တက်မှုမှာ နှစ်နိုင်ငံအကြား ငွေကြေးဆိုင်ရာ ကတိကဝတ်နှင့် ပတ်သက်၍ တိုးတက်မှုနှုန်း ကွာခြားမှုမြင့်မားခဲ့ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း စတင်မဆောင်ရွက်မီ ဆယ်စုနှစ်က နှစ်နိုင်ငံ၏ အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၃၂) ဘီလီယံနှင့် အမေရိကန်ဒေါ်လာ(၃၄)ဘီလီယံ အသီးသီးဖြစ်ကြောင်း၊နိုင်ငံခြားငွေကြေး အများအပြားတင်သွင်း ခြင်း၊ စက်ရုံများမှ ထုတ်လုပ်မှုများမှ မြင့်မားခြင်းနှင့် တရုတ်နိုင်ငံ၌ အရင်းအမြစ်များ လုံလောက်သော အရေအတွက်မရှိခြင်းကြောင့် နိုင်ငံ၏ အရင်းအမြစ်များ အာမခံချက် သေချာမှုရှိရန် လိုအပ်ခြင်းအစရှိသည့် တရုတ်နိုင်ငံ၏ ပြည်တွင်းစိန်ခေါ်မှုများကြောင့် ပေကျင်း၏နိုင်ငံတကာငွေချေးငှား မှု အစီအစဉ်မှာ ပမာဏမြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အခြေခံအဆောက်အအုံများနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကြွေးမြီဝန်ထုပ်ဝန်ပိုးများ ဖြစ်နိုင်သည်ကို တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သည့်နိုင်ငံများအား အသိပေးထားသင့်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းမှာ ပြည်ပမှ အရင်းအမြစ်များရရှိရန် သေချာမှုရှိသော တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်၏ အဓိကစီမံကိန်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကြွေးမြီအများအပြားတင်ရှိမည်ကို အနောက်နိုင်ငံများမှ စိုးရိမ်လျက်ရှိကြောင်း၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းဒေသတို့သို့ လွှမ်းမိုးနိုင်ရန် ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းများအား တိုးချဲ့ဆောင်ရွက်ရန် ပေကျင်းအား ခွင့်ပြုထားကြောင်း၊ (၁၈) နှစ် တာကာလအတွင်း ဆောင်ရွက်ရန် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (၁၃,၂၄၇) ခုရှိပြီး တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ (၈၄၃)ဘီလီယံရှိကြောင်း၊ AidData report အရ တရုတ်နိုင်ငံအနေဖြင့် ငွေကြေးပံ့ပိုးရန် အကူအညီပေးခြင်းထက် ကြွေးမြီချေးငှားပေးမှုအပေါ် အဓိကအားထားသည်ကို‌ တွေ့ရှိရကြောင်း၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတစ်လျှောက်ရှိနိုင်ငံများတွင် ကြွေးမြီဝန်ထုပ်ဝန်ပိုး ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း၊ စီမံကိန်းတွင် ပါဝင်သည့် (၄၄) နိုင်ငံတွင် ၎င်းတို့ဂျီဒီပီ၏ (၁၀)ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံအစိုးရ၏ ကြွေးမြီဆပ်ပေးရန်ရှိကြောင်း၊ အဆိုပါနိုင်ငံများတွင် လာအိုနိုင်ငံမှာ ထိပ်ဆုံးတွင်ပါဝင်ပြီး Sovergin debt exposure တွင် ဂျီဒီပီ၏ (၂၉.၄) ရာခိုင် နှုန်း နှင့် hidden exposure တွင် ဂျီဒီပီ၏ (၃၅.၄) ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်း၊ သီရိလင်္ကာ၊ ကင်ညာ၊ အီသီယိုးပီးယား၊ ဗင်နီဇွဲလား၊ Dijibouti ၊ ကမ္ဘောဒီးယား၊ မွန်ဂိုလီးယားနှင့် ဘီလာရုစ် အစရှိသည့် နိုင်ငံများသည်လည်း တရုတ်နိုင်ငံ၏ ကြွေးမြီပေးချေရန် မြင့်မားသည့် နိုင်ငံများတွင် ပါဝင်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သော စီမံကိန်းများ အကောင်အထည်ဖော် ရန် (၁၀၄၇) ရက်ကြာမြင့်ပြီး ၎င်းစီမံကိန်းတွင် မပါဝင်သည့် ပေကျင်း၏ ငွေကြေးစီမံကိန်းအား အကောင်အထည်ဖော်ရန်(၇၇၁) ရက်သာ ကြာမြင့်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းမတိုင်မီ ကာလကထက် စီမံကိန်းကာလအတွင်းတွင် စီမံကိန်းများ ယာယီရပ်ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း များ ပြုလုပ်လာကြကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအား ကာလကြာရှည် ပံ့ပိုးထောက်ပံ့ ကူညီနိုင်ရန် ပေကျင်းအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိသည့် အိမ်ရှင် နိုင်ငံများအားစီမံကိန်းနှင့် ပတ်သက်သည့် စိုးရိမ်ဖွယ်ရှိနိုင်သည့် အချက်အလက်များနှင့် ပတ်သက် ၍ အသိပေးထားသင့်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)