Thailand

ရုရှား- ယူကရိန်းစစ်ပွဲကြောင့် ထိုင်းနိုင်ငံ၏ ပီလောပီနံတင်ပို့မှု မြင့်တက်လာခြင်း

Last Updated:

ရုရှား- ယူကရိန်းအဋိပက္ခကြောင့် စားနပ်ရိက္ခာရှားပါးလာပြီး သွင်းကုန်လုပ်ငန်းရှင်များက သီးနှံအစားထိုးရန် ကြိုးပမ်းလာမှုကြောင့် ဇန်နဝါရီလမှ ဧပြီလအတွင်း ထိုင်းပီလောပီနံတင်ပို့မှုမှာ ယမန် နှစ်အလားတူကာလထက် (၂၈%) တိုးတက်သွားကြောင်း သိရှိရပါသည်။

ကမ္ဘာ့အကြီးဆုံး ပီလောပီနံတင်ပို့သည့် ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်ပထမလေးလအတွင်း ပီလော ပီနံနှင့် ၎င်း၏ ထုတ်ကုန်များအပါအဝင် တန်ချိန် (၄.၆) သန်းတင်ပို့ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ (၅၄.၈) ဘီလီယံရှိကြောင်း၊ ယမန်နှစ်ကထက် (၂၈.၂%) တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

၎င်းတို့အနက် (၇၀%) ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ကျန်ရှိသည်များကို ဂျပန်၊ အင်ဒိုနီးရှားနှင့် တောင်ကိုရီးယားနိုင်ငံများသို့ တင်ပို့ခဲ့ပါသည်။ ကပ် ရောဂါလွန် ဝယ်လိုအားပြင်းထန်သော ရာသီဥတုသက်ရောက်မှုများနှင့် ရုရှား- ယူကရိန်းပဋိပက္ခတို့အကြောင့် ကမ္ဘာတစ်ဝှမ်းမြင့်တက်နေသော ငွေဖောင်းပွမှုကိုထိန်းချုပ်ရန် နိုင်ငံများအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းနေကြကြောင်း၊ နိုင်ငံအချို့မှာ အစားအစာနှင့် လောင်စာဆီအတွက် ထောက် ပံ့နေကြကြောင်း၊ အချို့မှာ အစားထိုး အစားအစာများနှင့် ပေးသွင်းသူများကို ရှာဖွေလျှက်ရှိနေကြောင်း သိရှိရပါသည်။

လွန်ခဲ့သည့် အပတ်က ယူကရိန်းနိုင်ငံက ရုရှား၏ ကျူးကျော်မှုမှာ ကမ္ဘာလုံးဆိုင်ရာ ဂျုံပြတ်တောက်မှုကိုဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့ပါသည်။ ရုရှား- ယူကရိန်းပဋိပက္ခအတွင်း နိုင်ငံခြားမှ ဝယ်ယူမှုအမှာစာများ မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်းသီးနှံအရံထားရှိမှု မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

တိရစ္ဆာန်အစာနှင့် စွမ်းအင်လုပ်ငန်းများအနေဖြင့် ပီဘောပီနံထုတ်ကုန်များအား အစားထိုးအဖြစ် တင်သွင်းလာကြကြောင်းနှင့် ဝယ်လိုအားနှင့် ဈေး နှုန်း လည်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယမန်နှစ်က ပီလောပီနံတန်ချိန် (၃၂.၅) သန်းကို အမျိုးမျိုးသော ထုတ်ကုန် များအဖြစ် ထုတ်လုပ်ခဲ့ကြောင်း၊ ၎င်းတို့အနက် (၃၀%- ၃၅%) ကို ပြည်တွင်း၌ စားသုံးခဲ့ကြောင်း၊ အစိုးရက ထုတ်ပြန်သည့် အချက်အလက်များအရ ထိုင်းနိုင်ငံအနေဖြင့် ဘတ်ငွေ (၁၂၃) ဘီလီယံ တန်ဖိုးရှိ ပီလောပီနံထုတ်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

(လွင်မျိုးဇော်၊ ကုန်သွယ်ရေးဦးစီးဌာန)
Source: Bangkok Post

 

Category: Thailand