Singapore

လက်ရှိကုန်ဈေးနှုန်းမြင့်တက်လာနေသောအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအနေဖြင့် စင်ကာပူအစိုးရ၏ ထောက်ပံ့မှုရရှိမည်ဖြစ်ခြင်း

Last Updated:

ကိုဗစ်-၁၉ ကပ်ရောဂါ၏ ကယက်ရိုက်ခတ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက်များ ထိခိုက်မှုဖြစ်ပေါ်နေဆဲ ကာလတွင် ယူကရိန်းပဋိပက္ခသည် နိုင်ငံတကာ၏ ငွေကြေးဖောင်းပွမှုနှုန်း (သို့) ကုန်ဈေးနှုန်း ပိုမိုမြင့်တက်သွားစေသော အခြေအနေ ကို တွန်းပို့ပေးလျက်ရှိကြောင်း၊ ဤအခြေအနေတွင် ၂၀၂၂ ခုနှစ် စင်ကာပူအစိုးရဘတ်ဂျက်ဖြင့် ထောက်ပံ့ပေးမည့်အစီအမံများကို ဆောလျင်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကုန်ဈေးနှုန်းမြင့်တက်မှုအခြေအနေ ပိုမိုဆိုးရွားလာပါကလည်း စင်ကာပူနိုင်ငံရှိ စီးပွား ရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများအား ထောက်ပံ့မှု ပိုမိုပြုလုပ်ပေးရန် အဆင်သင့်ရှိပါကြောင်း စင်ကာပူနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး Mr. Lawrence Wong က ၄-၄-၂၀၂၂ ရက်နေ့တွင် ပါလီမန်၌ ပြောကြားခဲ့ပါသည်။

ဤသို့ အစိုးရဘတ်ဂျက်မှ ဆောလျင်စွာ ထောက်ပံ့ပေးသွားမည့်အစီအမံများတွင် လာမည့်မေလအတွင်း စင်ကာပူနိုင်ငံသား အိမ်ထောင်စုတိုင်းအတွက် စင်ကာပူဒေါ်လာ ၁၀၀ တန်ဖိုးရှိသော လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးကောင်စီဘောင်ချာ (Community Development Council- CDC Voucher) ထုတ်ပေးမည့်အစီအစဉ်၊ ဝင်ငွေနည်းသော အိမ်ထောင်စုများအတွက် စင်ကာပူဒေါ်လာ ၃၀ တန်ဖိုးရှိသည့် အများပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များကို စီးနှင်းအသုံးပြုနိုင်သောဘောင်ချာ (Public Transport Voucher) ထုတ်ပေးမည့်အစီအစဉ်၊ လွန်ခဲ့သောနှစ်များမှစ၍ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဇွန်လတွင် စင်ကာပူဒေါ်လာ ၁၀၀၀၀ အထိ ထောက်ပံ့ကြေးပေးမည့် Small Business Recovery Grant အစီအစဉ်နှင့် အိမ်ထောင်စုများမှ သုံးစွဲရသော လျှပ်စစ်မီး၊ ရေ၊ ဓာတ်ငွေ့အသုံးစရိတ်များ သက်သာစေရေးအတွက် ဧပြီလတွင် စင်ကာပူဒေါ်လာ ၁၅၀ U-Save rebates ရရှိမည့်အစီအစဉ်များ ပါဝင်ပါကြောင်း၊ ထို့အပြင် အလုပ်အကိုင်နှင့် ဝင်ငွေဆုံးရှုံးခဲ့ရသောသူများအတွက် ထောက်ပံ့ကြေးပေးခြင်းနှင့် မသန်မစွမ်းများအတွက် တက္ကဆီယာဉ်အသုံးပြု ရာတွင် ယာဉ်စီးခသက်သာစေရေး ပံ့ပိုးပေးသောအစီအစဉ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၅ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းအတွင်း ဖြစ်ပေါ်နိုင်သည်ဟု တရားဝင် ခန့်မှန်းချက် ထုတ်ပြန်ထားရှိပါသည်။ ၂၀၂၁ ခုနှစ်တွင် စင်ကာပူ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၃ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းမြင့်တက်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်တွင် စင်ကာပူ၏ ငွေကြေးဖောင်ပွမှုနှုန်းသည် ၁၀ ရာခိုင်နှုန်း ဖြစ်ပေါ် ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖူးကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Source: The Straits Times, The Business Times

Category: Singapore