Brazil

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ရုပ်များရောင်းချရမှု ငါးနှစ်တာကာလအတွင်း လေးဆ မြင့်တက်နိုင်

Last Updated:

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ရုပ်များနှင့် နည်းပညာများ ထုတ်လုပ်ရောင်းချသည့်ဈေးကွက်သည် ၂၀၂၆ ခုနှစ် သို့ရောက်ရှိပါက လက်ရှိဈေးကွက်အခြေအနေ ထက် ၂၅.၅% ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး လက်ရှိဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံမှ ၂၁.၂ ဘီလီယံအထိ တိုးတက်လာနိုင်ကြောင်း IMARC Private Services Limited အုပ်စုက သုတေသနပြုလေ့လာ၍ ထုတ်ပြန်ခဲ့သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ရုပ်နှင့် နည်းပညာများ၏ ဈေးကွက်အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သုတေသနအစီရင်ခံစာတွင် ကမ္ဘာ့စက်မှုလုပ်ငန်းများ၏ အနာဂတ်အလားအလာများနှင့် ဈေးကွက်အရွယ်အစား၊ အစုရှယ်ယာဈေးကွက်အခြေအနေများ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ တိုးတက်လာမည့် အခွင့်အလမ်းများနှင့် ကြိုတင်ခန့်မှန်းသုံးသပ်ချက်များကိုလည်း ဖော်ပြထားသည်။ 

ကမ္ဘာတစ်ဝှမ်းလုံး၌ လယ်ယာထွက်ကုန်ပစ္စည်းများအား ဝယ်လိုအားမြင့်တက်လာမှုသည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအား မိရိုးဖလာနည်းဖြင့် စိုက်ပျိုးထုတ် လုပ်ခြင်းအစား ခေတ်မီနည်းစနစ်များအသုံးပြု၍ ထုတ်လုပ်ရန် တွန်းအားများဖြစ်ပေါ်စေပြီး ခေတ်မီစက်ရုပ်နှင့် နည်းပညာများ၊ ခေတ်မီစက်ကိရိယာပစ္စည်းများအား ပိုမိုဝယ်ယူသုံးစွဲလာကြကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားသည်။

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်နှင့် ဝင်ငွေတိုးပွားစေရန်အတွက် စက်မှုလယ်ယာကဏ္ဍသည် အဓိကနေရာသို့ ရောက်ရှိလာကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာပစ္စည်းများ အသုံးပြုခြင်းဖြင့် အလုပ်သမားစရိတ်ကြီးမြင့်မှုနှင့် ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာများကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် Global Positioning System (GPS) စနစ်အသုံးပြု၍ ထိန်းချုပ်မောင်းနှင်ရသော စက်ရုပ်များ၊ အာရုံခံစင်ဆာစနစ်တပ်ဆင်ထားသော စက်ကိရိယာများနှင့် မှတ်ဉာဏ်အတုပါဝင်သည့် စက်ပစ္စည်းများ (Artificial Intelligence- based devices) အပါအဝင် ခေတ်မီအဆင့်မြင့်နည်းပညာများသည် ကမ္ဘာ့ဈေးကွက်တွင် အရေးပါသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာကြောင်း သုတေသနအစီအရင်ခံစာတွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် သီနှံထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးများ ပိုမိုတိုးတက်စေရန်နှင့် အထွက်နှုန်းများ တိုးတက်စေရန်အတွက် ခေတ်မီစက်ရုပ်နည်း ပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြကြောင်း၊ စိုက်ပျိုးရေးတွင် ခေတ်မီစက်ရုပ်နည်းပညာများ အသုံးပြုလာကြသဖြင့် အလုပ်သမားလိုအပ်ချက်ကို လျှော့ချနိုင်ပြီး အထွက်နှုန်းများလည်း သိသာစွာတိုးတက်လာကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ရုပ်များအား အာရုံခံစနစ်များတပ်ဆင်ထားပြီး အခြားလုပ်ငန်း အမျိုးမျိုးတို့တွင်လည်း အသုံးပြုနိုင်စေရန် Program များ ထည့်သွင်းခြင်းနှင့် ကိရိယာအစိတ်အပိုင်းများ ပြောင်းလဲတပ်ဆင်နိုင်ရန်အတွက်လည်း စီမံထုတ်လုပ်ထား ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ရုပ်များအား သီးနှံများစိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများအား မြေပုံထုတ်ယူခြင်း၊ ပေါင်းမြက်များနှိမ်နှင်းခြင်း၊ သီးနှံများရိတ်သိမ်းခူးဆွတ်ခြင်း၊ စိုက်ပျိုးမြေဆိုင်ရာ အချက်အလက်များပြုစုခြင်း၊ စိုက်ခင်းအတွင်းသို့ ဓါတ်မြေဩဇာထည့်ခြင်းနှင့် ရေးသွင်းရေထုတ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးမြေ အရည်အသွေးစစ်ဆေးခြင်းနှင့် သုတေသနပြုခြင်း၊ စိုက်ခင်းများအား အချိန်ပြည့်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အခြားလုပ်ငန်းအမျိုးမျိုးတို့တွင် တွင်ကျယ်စွာအသုံးပြု လျက်ရှိကြောင်း၊ ခေတ်မီစက်ရုပ်နည်းပညာများအား စိုက်ပျိုးရေးလုပ်ငန်းများအပြင် မွေးမြူရေးလုပ်ငန်းများတွင်လည်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း၊ ကြက်နှင့် ဝက်မွေးမြူရေးနှင့် အသားထုတ်လုပ်သည့်လုပ်ငန်းများတွင် အချိန်ပြည့်စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း၊ တရိစ္ဆာန်များအား အစာကျွေးခြင်း၊ ပစ္စည်းများအား စနစ်တကျစီခြင်း၊ ဆေးကြောသန့်ရှင်းခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း၊  တိရိစ္ဆာန်အစာစပ်ခြင်းလုပ်ငန်းနှင့် အသားများလှီးဖြတ်ထုတ်ပိုးခြင်း တို့တွင်လည်း တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း သုတေသနအစီရင်ခံစာတွင် ဖော်ပြထားသည်။

စက်ရုပ်နည်းပညာနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံး စက်ရုပ်နည်းပညာ အသစ်များအား လာမည့်နှစ်အနည်းငယ်အတွင်း မိတ်ဆက်ပြသနိုင်ရန် ခန့်မှန်းထားကြောင်း၊ တောင်အမေရိကတိုက်အပါအဝင် ကမ္ဘာ့တစ်ဝှမ်းလုံးရှိ စက်ရုပ် နည်းပညာနှင့်ပတ်သက်သည့် ထုတ်လုပ်မှုလုပ်ငန်းများအား သုတေသနပြုလေ့လာခဲ့ရာတွင် စက်နှင့် စက်အစိတ်အပိုင်းများ၊ ဒရုန်းများ၊ စက်နှင့်ပတ်သက်သည့် program software များနှင့် နောက်ဆုံးပေါ်နည်းပညာများကို ကမ္ဘာ့နာမည်ကြီးကုမ္ပဏီကြီး ၂၃ ခုကဦးဆောင်၍ သုတေသနပြုစမ်းသပ်မှုများနှင့် ကမ္ဘာ့တစ်ဝန်းလုံး သို့ ထုတ်လုပ်ဖြန့်ချိမှုများအား လုပ်ဆောင်လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

 

Category: Brazil