China(Nanning)

လူတစ်ဉီးချင်းငွေသုံးစွဲမှုဖြင့် တိုင်းတာထားသည့် တရုတ်နိုင်ငံ၏ ထိပ်တန်းမြို့ကြီးများ

Last Updated:

ဘဏ္ဍာရေးဆိုင်ရာ သတင်းမီဒီယာတစ်ခုဖြစ်သည့် Yicai.comက (၂၀၁၉) ခုနှစ်အတွင်း လူတစ်ဉီးချင်းပျမ်းမျှငွေသုံးစွဲမှု ယွမ် (၃) သောင်းအထက်ရှိသည့် မြို့ကြီးများ ၏စာရင်းအား ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ၎င်းမြို့ကြီးများစာရင်း၌ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်ရှိ စီးပွားရေးဖွံ့ဖြိုးပြီးမြို့ကြီးများ အများစုပါဝင် နေသည်ကို တွေ့ရပါသည်။

၎င်းမြို့ကြီးများ၏ စာရင်းတွင် ထိပ်ဆုံးမှရပ်တည်နေသော ရှန်ဟိုင်းမြို့တွင် (၂၀၁၈) ခုနှစ်က လူတစ်ဉီးချင်းငွေသုံးစွဲမှုပမာဏထက် (၅.၂) ရာခိုင်နှုန်းပိုမိုလာခဲ့ကာ ၎င်းမြို့၏ စားသုံးမှုစွမ်းရည်မှာ နှစ်စဉ်လျင်မြန်စွာမြင့်တက်လာကြောင်း တွေ့ရပါသည်။

ရှန်းကျန့်နှင့် ပေကျင်းမြို့များတွင် နေထိုင်သူများ၏ (၂၀၁၉) ခုနှစ်အတွင်း လူတစ်ဉီးချင်းငွေသုံးစွဲမှုမှာ  ယွမ်ငွေ (၄၃,၀၀၀) အထက်ရှိခဲ့ပါသည်။ တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သည့် ကွမ်ကျိုးမြို့တွွင် နေထိုင်သူများ၏ လူတစ်ဉီးချင်း ပျမ်းမျှငွေသုံးစွဲမှုမှာ ယွမ်ငွေ (၄၁,၉၉၉) ရှိခဲ့သည်ကိုတွေ့ရသဖြင့် ကွမ်ကျိုးမြို့၏ စားသောက်ဆိုင် လုပ်ငန်းများမှာ ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ၏ လူတစ်ဉီးချင်း စားသုံးမှုအပေါ် ငွေသုံးစွဲမှုမှာ နှစ်များစွာကတည်းကပင် ဆက်တိုက် အမြင့်ဆုံးဖြစ်လာလျက်ရှိသည်ဟု  Yicai.comက ဆန်းစစ်ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ လူတစ်ဉီးချင်းငွေသုံးစွဲမှု အမြင့်ဆုံးမြို့ကြီး (၃၅) မြို့စာရင်း၌ အဆင့် (၅) နေရာ၌ ရပ်တည်နေသော ဟန်ကျိုးမြို့မှာ တရုတ် e-commerce အချက်အချာနေရာနှင့် Alibaba လုပ်ငန်းရုံးစိုက်ရာမြို့ဖြစ်ပါသည်။  ခိုင်မာအားကောင်းသော ဒစ်ဂျစ်တယ်စီးပွားရေးက မောင်းနှင်ပေးသောကြောင့် (၂၀၁၉) ခုနှစ် အတွင်း ဟန်ကျိုးမြို့ရှိ လူတစ်ဉီးချင်း ငွေသုံးစွဲမှုမှာ  ယွမ်ငွေ (၄၀,၀၁၆) ထိ ရှိလာခဲ့သည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံ၏ လူဉီးရေစုစုပေါင်းအနက် (၄၀) ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင်နေထိုင်ကြပါသည်။ ၎င်းကျေးလက်လူဉီးရေ၏  ငွေသုံးစွဲမှုမှာ အိမ်ထောင်စုများ စုစုပေါင်းသုံးစွဲမှု၏ (၂၂) ရာခိုင်နှုန်းမျှသာပါဝင်နေသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအား မြှင့်တင်ရန် ကျေးလက်နေပြည်သူများ၏ စားသုံးမှုအဆင့်အား တိုးတက်လာစေရေး တွန်းအားပေးဆောင်ရွက်ပေးပါက အကြီးမားဆုံးအလားအလာဖြစ်လာနိုင်ကြောင်း Chinese Academy of Social Science မှ ဒုတိယဉက္ကဌ Cai Fang က မှတ်ချက်ပြုပြောကြားထားပါသည်။

တရုတ်နိုင်ငံရှိ လူတစ်ဉီးချင်း ငွေသုံးစွဲနိုင်မှုအမြင့်ဆုံး ထိပ်တန်းမြို့ကြီး (၁၀) မြို့ မှာ အများမှ အနည်းသို့ အစဉ်လိုက်အားဖြင့် အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -

အဆင့် (၁) ရှန်ဟိုင်းမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၅,၆၀၅ ယွမ်)

အဆင့် (၂) ရှန်းကျန့်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၃,၁၁၃ ယွမ်)

အဆင့် (၃) ပေကျင်းမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၃,၀၃၈ ယွမ်)

အဆင့် (၄) ကွမ်ကျိုးမြို့(လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၁,၉၉၉ ယွမ်)

အဆင့် (၅) ဟန်ကျိုးမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၄၀,၀၁၆ ယွမ်)

အဆင့် (၆) ကျိုးဟိုင်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၈,၂၁၂ ယွမ်)

အဆင့် (၇) ဖော်ဆန်းမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၇,၁၆၀ ယွမ်)

အဆင့် (၈) ရှမန်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၆,၈၀၉ ယွမ်)

အဆင့် (၉) ချန်းရှမြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၆,၁၅၈ ယွမ်)

အဆင့် (၁၀) တုန်းကွမ်မြို့ (လူတစ်ဉီးချင်း ငွေသုံးစွဲမှုပမာဏ - ၃၅,၇၃၀ ယွမ်)

(မြန်မာစီးရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Chinadaily (၁၂-၁၀-၂၀၂၀)

Category: China(Nanning)