India (Delhi)

လျော့ချတင်သွင်းရမည့် ကုန်စည် ၁၀၂ ခုအား အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနက ဖော်ထုတ်

Last Updated:

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် ပြည်ပမှ ကုန်စည်တင်သွင်းမှုနှင့် စပ်လျဉ်းသည့် လေ့လာဆန်းစစ်ချက်အစီရင်ခံစာကို ၂၂-၄-၂၀၂၂ နေ့၌ ထုတ်ပြန်ရာတွင် အိန္ဒိယ၏ စုစုပေါင်းသွင်းကုန်တန်ဖိုး၌ ၅၇.၆၆% အထိရှိသော ရွှေ၊ သဘာဝဓာတ်ငွေ့၊ စားအုန်းဆီကြမ်း၊ ပေါင်းစည်းဆားကစ်များ၊ တစ်ကိုယ်ရည်သုံး ကွန်ပြူတာများ၊ အင်ဆူလင်ထိုးဆေး၊ ကင်မရာ၊ ယူရီးယား မြေဩဇာ၊ ပဋိဇီဝဆေးများ၊ တာဘိုဂျက်အင်ဂျင်များ၊ သန့်စင်ပြီးကြေးနီနှင့် စက်ကိရိယာများအပါအဝင် ကုန်စည်အမယ် ၁၀၂ မျိုးအား ပြည်တွင်းကုန် ထုတ်လုပ်မှု အခွင့်အလမ်းများအတွက် လက်ငင်းကိုင်တွယ်ဖြေရှင်းရန် လိုအပ်လျက်ရှိကြောင်း ဖော်ထုတ်ခဲ့ပါသည်။

အဆိုပါအစီရင်ခံစာ၌ ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ကြားဝင်စွက်ဖက်ဆောင်ရွက်ရမည့် ကုန်စည် ၁၀၂ မျိုးအနက် ၁၈ ခုသည် အစဉ်တစိုက် တင်သွင်းမှုတိုးတက်လျက်ရှိသကဲ့သို့ ကာလရှည်၊ ကာလလတ်နှင့် ကာလတိုအခြေအနေ ၃ ရပ်လုံးတွင် သိသာထင်ရှားသည့် တန်ဖိုးဝေစု ပါဝင်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်းစီးပွားရေး၌ ၎င်းကုန်စည်များပေးသွင်းနိုင်ရန် ကျပ်တည်းခက်ခဲမှုများအား တည့်မတ်မှန်ကန် အောင် ပြုပြင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနယ်ပယ်အသီးသီးမှ စီးပွားရေးဦးဆောင်သူများ၊ အသင်းအဖွဲ့များအနေဖြင့် အဆိုပါကုန် စည်များအား ပြည်တွင်းဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစွာဖြည့်ဆည်းနိုင်မှုမရှိသည့် အခြေအနေအပေါ် ပြည်တွင်းထုတ်လုပ်နိုင်စွမ်း တိုးချဲ့နိုင်မည့် နည်းလမ်းများကို ရှာဖွေကြံဆရန်လိုမည်ဖြစ်ကြောင်း၊ သို့မှသာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်း များကိုလည်း ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနသည် HS codes 8-digit အဆင့် သွင်းကုန်အမယ်ပေါင်း ၁၁၉၈၇ ခုအနက် ကာလတိုအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လမှ ဩဂုတ်လအတွင်း ပျမ်းမျှတင်သွင်းမှုတန်ဖိုးဒေါ်လာ သန်း ၅၀၀ အထိရှိသော ကုန်စည်များကိုလည်းကောင်း၊ ကာလလတ်တွင် ၂၀၁၈-၁၉ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အထိနှင့် ကာလရှည်၌ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အထိ နှစ်စဉ်ပျမ်းမျှတင်သွင်းမှုတန်ဖိုးဒေါ်လာ ၁ ဘီလီယံရှိ သော ကုန်စည်များကိုလည်းကောင်း လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ အခြေအနေ ၃ ရပ်လုံး၌ ကုန်စည်အမယ် ၈၈ မျိုးသည် အစဉ်တစိုက် သွင်းကုန်တန်ဖိုးမြင့်တက်လျက်ရှိပြီး ကာလတို၌ ကုန်စည် ၂၇၅ မျိုး၊ ကာလလတ်တွင် ကုန်စည် ၂၈၉ မျိုးနှင့် ကာလရှည်အတွင်း ကုန် စည် ၂၇၄ မျိုးတို့သည် တင်သွင်းမှုမြင့်တက်လျက်ရှိသည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။

အဆိုပါ အစီရင်ခံစာ၌ သက်ဆိုင်ရာကုန်စည်လိုင်းအလိုက် အရေးယူကိုင်တွယ်ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများကိုလည်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဌာနက ခွဲခြားဖော်ပြထားကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Analysis of Import Items at Hs 8 Digit Level for Domestic Production Opportunity, 22-4-2022, Department of Commerce of India

                   2. 102 priority items on government’s list to raise domestic manufacturing, cut imports, 28-4-2022, Economic Times

Category: India (Delhi)