India (Delhi)

သန့်စင်ပြီး စားအုန်းဆီ သွင်းကုန်လိုင်စင်များအား အိန္ဒိယအစိုးရက ဆိုင်းငံ့လိုက်ခြင်း

Last Updated:

တောင်အာရှဒေသ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် (SAFTA) အရ သွင်းကုန်အပေါ် အကောက်ခွန်သုညရာခိုင်နှုန်းအထိ သက်သာခွင့်ပေးအပ်ထားသဖြင့် အိန္ဒိယနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများဖြစ်သော နီပေါနှင့် ဘင်္ဂလားဒေ့ရှ် တို့မှ သန့်စင်ပြီး စားအုန်းဆီတင်သွင်းမှုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း သိသာစွာမြင့်တက်လာခဲ့ပါသည်။ သို့ဖြစ်ရာ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် လက်ရှိထုတ်ပေးထားသည့် သန့်စင်ပြီး စားအုန်းဆီသွင်းကုန်လိုင်စင် ၃၉ စောင်အားဆိုင်းငံ့သည့် ဌာနတွင်းလှည့်လည်စာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ၁၁.၅.၂၀၂၀ နေ့တွင် ဖော်ပြပါသည်။

သတင်းဌာနများမှ ဖော်ပြချက်အရ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ သန့်စင်ပြီးစားအုန်းဆီ တင်သွင်းမှုပမာဏသည် မက်ထရစ် တန်ချိန်အားဖြင့် နီပေါနိုင်ငံထံမှ ၁၈၉၀၇၈ တန်၊ တိုးမြှင့်တင်သွင်းမှု ၃၁၄% နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂၂၁၅၁ တန်၊ တိုးမြှင့်တင်သွင်းမှု ၅၀၀% ရှိခဲ့ကြောင်းနှင့် ထိုသို့  စားအုန်းဆီများအား တင်သွင်းလျက်ရှိရာတွင် ပင်ရင်းနိုင်ငံစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား လိုက်နာရန် ပျက်ကွက်မှုရှိသည်ဟု သံသယဖြစ်ဖွယ်ရာ ရှိသဖြင့် ယခုကဲ့သို့ ဆိုင်းငံ့ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် ၈.၁.၂၀၂၀ နေ့တွင်  အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၁၅-၂၀၂၀ အား ထုတ်ပြန်လျက် HS code 151190 အောက်ရှိ အရောင်ချွတ်၊ အနံ့သတ် သန့်စင်ပြီးဖြစ်သည့် စားအုန်းဆီကြမ်းနှင့် စားအုန်းဆီချော များအား ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ထို့ နောက်ပိုင်း၌ တင်သွင်းခွင့်လိုင်စင်များ ဆက်လက်ထုတ်ပေးခဲ့ရာ ယခု ဆိုင်းငံ့ လိုက်သည့် လိုင်စင် ၃၉ စောင်သည် စားအုန်းဆီချော ၄၅၂၃၀၃ တန်အား ခွင့်ပြုပေးထားခြင်းဖြစ်ပါသည်။ ၎င်းတို့ အနက် ၃၇ စောင်သည် နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ တန်ချိန် ၃ သိန်းကျော် တင်သွင်းရန်နှင့် ကျန် ၂ စောင်မှာ အင်ဒိုနီးရှားနိုင်ငံထံမှ တင်သွင်းရန် ခွင့်ပြုထားသည့် လိုင်စင်များဖြစ်ကြောင်းသိရှိရ သည်။

အစိုးရ၏ ယခုဆောင်ရွက်ချက်သည် ပြည်တွင်းစားအုန်းဆီဈေးကွက်၌ ကုန်စည်ပြတ်လပ်မှုကို ဖြစ်ပေါ်စေနိုင်ခြင်းမရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတားဆီးထိန်းချုပ်ရန် နိုင်ငံတစ်ဝန်း၌ အသွားအလာကန့်သတ်ခဲ့ခြင်းက ပြည်တွင်းရှိ စားအုန်းဆီ ဝယ်လိုအားကို ၄၀% ခန့်ကျဆင်းစေခဲ့ကြောင်း၊ အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုမှာလည်း ယခင်နှစ်ကာလတူနှင့် နှိုင်း ယှဉ်ပါက ၂၀၂၀ ပြည့်နှစ် ဧပြီလ၌ ၄၆% ခန့် လျော့နည်းခဲ့ကြောင်းဖြင့် အိန္ဒိယနိုင်ငံရှိ စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင် အသင်းအဖွဲ့ များက ပြောဆိုကြပါသည်။ အမည်မဖော်ပြလိုသည့် အစိုးရအရာရှိတစ်ဦးကလည်း ပြည်တွင်းဈေးကွက် လိုအပ်ချက်အတွက် စားအုန်းဆီ လုံလောက် စွာရှိနေပြီး အစိုးရအနေဖြင့် လတ်တလောကာလ၌ သွင်းကုန်လိုင်စင်များ ထပ်မံခွင့်ပြုပေးရန်မရှိ ကြောင်းကို Hindustan Times သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်း စားသုံးဆီလိုအပ်ချက်၏ သုံးပုံနှစ်ပုံခန့်ကို ဖြည့်ဆည်းရန် အတွက် ပြည်ပမှစားအုန်းဆီများအား တင်သွင်းနေရပြီး အင်ဒိုနီးရှားနှင့် မလေးရှား တို့မှာ အဓိကသွင်းအားစုနိုင်ငံများဖြစ်ပါသည်။ ယခုကဲ့သို့ သန့်စင်ပြီး စားအုန်းဆီ သွင်းကုန်လိုင်စင်များအား အိန္ဒိယအစိုးရက ဆိုင်းငံ့လိုက်ခြင်းက ပြည်တွင်း စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ စားအုန်းဆီချောတင်သွင်းမှုကို လျော့ချရန် တောင်းဆိုလျက်ရှိမှုအား ဖြည့်ဆည်းပေးရာရောက် သကဲ့သို့  ပြည်တွင်း၌ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကိုလည်း တွန်းအားပေးမှု ဖြစ်စေ ပါသည်။ သို့ရာတွင် သန့်စင်ပြီး စားအုန်းဆီချောများ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံ အတွက်မူ ပို့ကုန်အပိုင်း၌ အတိုင်းအတာတစ်ခုအထိ သက်ရောက်ဖွယ်ရာရှိမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. India suspends 39 import licenses for refined palm oil, 12 May 2020, Hindustan Times

2. India suspends 39 import licenses for refined palm oil, 12 May 2020, Economic Times

3. India suspends import licenses for refined palm oil on alleged rule of origin violations: government, 12 May 2020, www.spglobal.com

4. India Cancels Palm Oil Imports from Nepal, Bangladesh, 13 May 2020, www.swarajyamag.com

Category: India (Delhi)