China (HongKong)

သိပ္ပံနှင့်နည်းပညာ ကျွမ်းကျင်ပညာရှင်များ ဆွဲဆောင်ရန်နှင့် အလုပ်အကိုင်လျှောက်ထား သူများနှင့် ပတ်သက်သည့်အချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ခြင်း

Last Updated:

တရုတ်နိုင်ငံအနေဖြင့် ကျွမ်းကျင်ပညာရှင်များအားဆွဲဆောင်ရန်ဆောင်ရွက်ခြင်းမှာ နိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် စိတ်အားအထက်သန်ဆုံးဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Eduarodo Baptista က “Xi stresses need to grow talent pool and attract science, tech professionals ”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်း၌ လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပတ်သက်၍ (၂) ရက်ကြာ ကျင်းပပြုလုပ်သည့် ကွန်ဖရင့်၌ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ကပြောကြားရာတွင်နည်းပညာပိုင်းတွင် မိမိဘာသာ အားထားနိုင်ရန်နှင့် နိုင်ငံတော်အတွက် အားသစ်လောင်းရန် အရာထမ်းအဆင့် အားလုံးအနေဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှုများအသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်တိုးချဲ့ဆောင်ရွက်နိုင်စွမ်းရှိရမည်ဖြစ်ပြီး နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များ တရုတ်နိုင်ငံ၌ လာရောက်လုပ်ကိုင်ရန် ဆွဲဆောင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့သိပ္ပံနှင့် နည်းပညာပိုင်းဆိုင်ရာနှင့် စီးပွားရေး စစ်တလင်း၏ အဓိကနေရာအနေဖြင့်ရှေ့တန်း၌ ရင်ဆိုင်ရပ်တည်နိုင်ရန် ကျွမ်းကျင်ပညာရှင်များဖြင့် စီမံခန့်ခွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းမှာ ကျွမ်းကျင်ပညာရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်းကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် အားသစ်လောင်းရန်မှာ ကျွမ်းကျင်ပညာရှင်များအပေါ်တွင် မူတည်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင်ကျွမ်းကျင်ပညာရှင်များဖြစ်သည့် သိပ္ပံပညာရှင်များနှင့် အသိပညာရှင်များအနေဖြင့် နိုင်ငံရေးနှင့်ပတ်သက်၍ မှန်ကန်သော ခံယူချက်အလေ့အထများ ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ မျိုးချစ်စိတ်ရှိပြီး နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နောင်လာမည့် ဆယ်စုနှစ်(၂) ခုအတွင်း တရုတ်နိုင်ငံအား သိပ္ပံနှင့်နည်းပညာပိုင်းတွင် ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်ပညာရှင်များဖြင့် ကမ္ဘာတွင်စွမ်းအားကြီးမားသည့် ရှေ့ဆောင်နိုင်ငံဖြစ်လာရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ၂၀၂၅ ခုနှစ်တွင်သုတေသနဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုအားတိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊၂၀၃၀ ပြည့်နှစ်တွင် အရည်အသွေးမြင့်မားသည့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းပြီး ဆန်းသစ်တီထွင်မည့် ပညာရှင်များအား ပြည်ပသို့ အားမကိုးဘဲ သင်တန်းပေးနိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်မီ အရည်အချင်းရှိသည့် ကျွမ်းကျင်ပညာရှင်များ လုပ်ကိုင်ရန် ဆွဲဆောင်နိုင်မှုများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊  ၂၀၃၅ ခုနှစ်တွင် ကဏ္ဍနယ်ပယ် မျိုးစုံ၌ အရည်အချင်းရှိသော ကျွမ်းကျင်ပညာရှင်များ၏ ယှဉ်ပြိုင်မှုများ၏ အကျိုးအမြတ်များ ရရှိမည်ဖြစ် ကြောင်း၊ ပေကျင်း၊ ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသတို့ ပါဝင်သည့်  မဟာပင်လယ်ကွေ့ဒေသအစရှိသည့် အဓိကဒေသ (၃) ခု၌ အရည်အသွေးမြင့်မားသော ကျွမ်းကျင် ပညာရှင်များအား ဆွဲဆောင်ရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံတစ်ဝန်းတွင် ကမ္ဘာ့အဆင့်မီ သုတေသန၊ ဓါတ်ခွဲခန်းများနှင့် တီထွင်ဆန်းသစ်မှု ပလက်ဖောင်းများ ဖွံ့ဖြိုးတက်ရန် ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)