Brazil

သီးနှံစိုက်ပျိုးကာလတွင် မိုးခေါင်မှုနှင့် အေးခဲသည့်ရာသီဥတုဖြစ်ပေါ်မှုတို့ကြောင့် ၂၀၂၁- ၂၂ ခုနှစ်ကာလတွင် ဘရာဇီးလ်နိုင်ငံ၏ ကြံစိုက်ပျိုးထုတ်လုပ်မှုကျဆင်း

Last Updated:

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ဘရာဇီးလ်နိုင်ငံ၏ ကြံစိုက်ပျိုးထုတ်လုပ်မှုသည် ကြံတန်ချိန် ၅၈၅.၂ သန်းရှိခဲ့သဖြင့် ၂၀၁၀-၂၀၂၁ ခုနှစ်ကာလ  ကြံစိုက်ပျိုးထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၁၀.၆ ရာခိုင်နှုန်းလျှော့ကျခဲ့ကြောင်း၊ ကြံအဓိကစိုက်ပျိုးသည့်ဒေသများတွင် စိုက်ပျိုးချိန်အတွင်း ရာသီဥတုဖောက်ပြန်မှုဖြစ်ပေါ်ခဲ့ရာ မိုးခေါင်မှုနှင့် ၂၀၂၁ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လများတွင် အပူချိန်အလွန် အမင်းကျဆင်းမှုများ စံချိန်တင်ဖြစ်ပေါ်ခဲ့သဖြင့် ကြံအထွက်နှုန်းများအပေါ် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း National Supply Company (Conab) ၏ ဧပြီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံအ လယ်ပိုင်း၏ တောင်ဘက်ခြမ်းဒေသများတွင် ကြံစိုက်ရာသီတွင် မိုးခေါင်မှုနှင့် ကြံမရိတ်သိမ်းမီ ဇွန်လ၊ ဇူလိုင်လ နှင့် ဩဂုတ်လများတွင် အေးခဲသည့်ရာသီဥတုတို့ကို တပြိုင်နက်တည်းကြုံတွေ့ခဲ့ရသည့်အတွက်ကြောင့် ကြံအပါအဝင် အခြားစိုက် ပျိုးသီးနှံများအပေါ်တွင် ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါရာသီဥတုဖောက်ပြန်မှုသည် သီးနှံများရိတ်သိမ်းချိန်တွင် အထွက် နှုန်းကျဆင်းမှုများ သိသိသာသာ ဖြစ်ပေါ်နိုင်ကြောင်း Conab ကုမ္ပဏီဥက္ကဌ Guilherme Ribeiro က ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၏ ကြံစိုက်ဧရိယာသည် ဟက်တာ ၈.၆ သန်းရှိခဲ့ရာမှ ရာသီဥတုဖောက်ပြန်မှုကြောင့် ကြံစိုက်ပျိုးဧရိယာသည် ၃.၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကာ ဟက်တာ ၈.၃ သန်းသို့ လျှော့ကျနိုင်ကြောင်း၊ ကြံအထွက်ပမာဏလျှော့ကျမှုကြောင့် သကြား ထုတ်လုပ်မှုလျှော့ကျကာ ဇီဝလောင်စာအီတနောနှင့် သကြားဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊ သို့ရာတွင် ကြံစိုက်တောင်သူ များ၏ အကျိုးအမြတ်ရရှိမှုသည် ပဲပုတ်စေ့နှင့် ပြောင်းသီးနှံစိုက်ပျိုးထုတ်လုပ်သူများကို မယှဉ်နိုင်သဖြင့် ကြံစိုက်ဧရိယာတိုးတက် လာရန် မဖြစ်နိုင်သေးကြောင်း Conab ကုမ္ပဏီ၏ စိုက်ပျိုးရေးသတင်းအချက်အလက်နှင့် မူဝါဒဌာနမှ ဒါရိုက်တာ Sergio De Zen က ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသသည် ကြံစိုက်ပျိုးဧရိယာ အများဆုံးတည်ရှိပြီး ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကြံတန် ချိန် ၃၆၆.၉ သန်းထွက်ရှိခဲ့ကြောင်း၊ နိုင်ငံအနောက်ဘက်၏ အလယ်ပိုင်းဒေသများမှ ကြံတန်ချိန် ၁၃၁.၃ သန်းနှင့် တောင်ပိုင်း ဒေသများမှ ကြံတန်ချိန် ၃၁.၉ သန်းတို့ အသီးသီးထွက်ရှိခဲ့ကြောင်း၊ ယခင်ကြံစိုက်ရာသီနှင့် နှိုင်းယှဉ်ပါက နိုင်ငံအရှေ့ပိုင်း၏ မြောက်ဘက်ခြမ်းဒေသနှင့် မြောက်ပိုင်းဒေသတို့သည် ကြံအထွက်နှုန်းများကျဆင်းခဲ့ပြီး ကြံတန်ချိန် ၅၁.၁ သန်းနှင့် ၃.၈၆ သန်းတို့ အသီးသီးထွက်ရှိခဲ့ကြောင်း Sergio De Zen က ပြောကြားခဲ့သည်။

ကြံကုန်ကြမ်း အထွက်နှုန်းများကျဆင်းခဲ့သည့်အတွက် အီသနောနှင့် သကြားထုတ်လုပ်မှုတို့တွင် အထွက်ပမာဏများ လျှော့ကျ မည်ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် သကြားထုတ်လုပ်မှုသည် တန်ချိန် ၃၅.၀၅ သန်းအထိရှိနိုင်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ် ကာလနှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းလျှော့ကျနိုင်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကြံမှအီသနောထုတ်လုပ်မှုတွင် လီတာ ၃၀.၂၆ ဘီလီယံထွက်ရှိနိုင်ပြီး ယခင်နှစ်ကာလနှင့်နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်းလျှော့ကျနိုင်ကြောင်း သတင်းတွင်ဖော်ပြထား သည်။ ထို့အပြင် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကြံမှဇီဝလောင် စာဆီထုတ်လုပ်မှုသည် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းလျှော့ကျနိုင်ပြီး လီတာ ၂၆.၇၈ ဘီလီယံထွက်ရှိနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် Anhydrous ethanol ထုတ်လုပ်မှုသည် ၁၃.၈ ရာခိုင်နှုန်းတိုးတက်လာပြီး လီတာ ၁၀.၆ ဘီလီယံ ထွက်ရှိနိုင် ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့သကြားဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်နေသော်လည်း ပြည်တွင်းငွေ တန်ဖိုးများမြင့်တက်လျက်ရှိနေသဖြင့် ဘရာဇီးလ် နိုင်ငံ၏ သကြားတင်ပို့မှုသည် ယခင်နှစ်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀၂၁-၂၀၂၂ ခုနှစ်ကာလသကြားတင်ပို့မှုသည် ၁၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တန်ချိန် ၂၆ သန်း တင်ပို့ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil