Belgium

သွင်းကုန်ကျဆင်းမှုကြောင့် ယူရိုဇုန်၏ ကုန်သွယ်ရေးပိုငွေပြမှု မြင့်တက်ခဲ့

Last Updated:

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်သွယ်မှုကျဆင်းနေစဉ်ကာလအတွင်း ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်မှုတွင် သွင်းကုန်ပို၍ကျဆင်းခဲ့သဖြင့် ယူရိုဇုန်၏ ကုန်သွယ်ရေးပိုငွေပြမှုမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ယူရို ၂၁ ဒသမ ၂ ဘီလီယံရှိခဲ့ကြောင်း ဥရောပစာရင်းအင်းအဖွဲ့အစည်း Eurostat အရ သိရသည်။ ယင်းပမာဏသည် ယခင်နှစ်ကာလတူ၌ ကုန်သွယ်ရေးပိုငွေ ယူရို ၁၉ ဒသမ ၄ ဘီလီယံထက်ပိုမို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း Eurostat ကဆိုသည်။ ပြီးခဲ့သည့်မေလတွင် ယူရိုဇုန်၏ ကုန်သွယ်ရေးပိုငွေမှာ ယူရို ၉ ဒသမ ၄ ဘီလီယံရှိခဲ့သဖြင့် ဇွန်လ၌ ကုန်သွယ်ရေး ပိုငွေပြမှုသည် ယင်းပမာဏထက် နှစ်ဆကျော် ပိုများခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ယူရိုဇုန်မှ ကမ္ဘာ့နိုင်ငံများသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၁၉ ခုနှစ်၊ ကာလတူနှင့်နှိုင်းယှဉ်လျှင် ၁၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သွင်းကုန်သည် ၁၂ ဒသမ ၉ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ ကြောင်း၊ ယူရိုဇုန်နိုင်ငံများအကြား ကုန်သွယ်မှုသည်လည်း ၁၃ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်းသိရသည်။ ၂၀၂၀၊ ဇွန်လအတွင်း ယူရိုဇုန်နိုင်ငံများ အချင်းချင်း ကုန်စည်ကုန်သွယ်မှုသည် ယူရို ၁၅၀ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် ၇ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ဥရောပသမဂ္ဂနိုင်ငံများ (အီးယူ)၏ ကုန်သွယ်မှုတွင်လည်း သွင်းကုန်ကျဆင်းမှုပိုများခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ၌ ကုန်သွယ်ရေးပိုငွေမှာ ယူရို ၂၀ ဒသမ ၇ ဘီလီယံရှိခဲ့ကြောင်းသိရသည်။ အီးယူသည် ယင်း၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုတွင် ယခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က အီးယူမှ ထွက်ခွာခဲ့သည့် ဗြိတိန်နိုင်ငံနှင့် ကုန်သွယ်မှုလျော့ကျခဲ့သည်။  ၂၀၂၀၊ ဇန်နဝါရီ လမှ ဇွန်လအထိကာလတွင် အီးယူမှဗြိတိန်နိုင်ငံသို့ ပို့ကုန် တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၂၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ သွင်းကုန်အပိုင်းတွင် ၁၇ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှု တွင်လည်း သိသိသာသာကျဆင်းခဲ့ပြီး၊ တရုတ်နိုင်ငံနှင့် အပြန်အလှန်ကုန်သွယ်မှုတွင်မူ အနည်းငယ်သာ ကျဆင်းခဲ့ကြောင်းသိရသည်။ Eurostat ၏ သီးခြားထုတ်ပြန်ချက်အရ ၂၀၂၀၊ ဧပြီလမှ ဇွန်လအတွင်း ယူရိုဇုန်၏ အလုပ်အကိုင်ရရှိမှုသည် ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်ကောက်ယူခဲ့သည့် စာရင်းဇယားများအရ အများဆုံးကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (Reuters၊ Eurostat)

 

Category: Belgium