India (Delhi)

သွင်းကုန်အမယ် ၅၀ ကျော်အားအခွန်တိုးမြှင့်ကောက်ခံရန် အိန္ဒိယအစိုးရက စီစဉ်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်မည့် ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းသို့ တင်သွင်းလျက်ရှိသည့် ကုန်စည် အမယ်ပေါင်း ၅၀ ကျော်အပေါ် သွင်းကုန်ခွန်နှုန်းထားများ တိုးမြှင့်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်းအိန္ဒိယနိုင်ငံရှိ သတင်းဌာနများမှ ဖော်ပြချက်အရ သိရှိရပါသည်။

အိန္ဒိယအစိုးရသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေရသုံးမှန်းခြေ အစီရင်ခံစာ ကို ဖေဖော်ဝါရီလဆန်းပိုင်း၌ ထုတ်ပြန်မည်ဖြစ်ရာ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေမှုအား ပြန်လည်မြင့်တက်လာစေမည့် ပြောင်းလဲမှုများကို လုပ်ဆောင်ဖွယ်ရှိကြောင်း၊ မိုဘိုင်းဖုန်း အားသွင်းစက် ကဲ့သို့သော အီလက်ထရွန်းနစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး ဓာတုထုတ်ကုန်များနှင့်  ပရိဘောဂ၊ ဖယောင်းတိုင်နှင့် လက်ဝတ်ရတနာစသည့် လက်မှုပစ္စည်း များ အပါအဝင် ကုန်စည်အမယ်များစွာကို သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိများပါဝင် ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့တစ်ရပ်၏ ထောက်ခံတင်ပြချက်အရ အိန္ဒိယအစိုးရသည် သွင်းကုန်အခွန်အား ၅% မှ ၁၀% အထိ တိုးမြှင့်ကောက်ခံမည့် ကုန်စည်အမယ်များကို ခွဲခြားသတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အရေးကြီးတင်သွင်းကုန်မဟုတ်သော ကုန်စည်များတင်သွင်းမှုကို လျော့ချရန် ရည်ရွယ်ကြောင်း၊ ဤသို့အခွန် တိုးမြှင့်ကောက်ခံမှုသည် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနှင့် ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်များအရ အခွင့်အရေးရရှိ နေသောနိုင်ငံများထံမှ ဈေးနှုန်းချိုသာသည့် ကုန်စည်များ တင်သွင်းမှုအား ယှဉ်ပြိုင်လုပ်ကိုင်နေရသော ပြည်တွင်း\လုပ်ငန်းရှင်များအတွက် အထောက်အပံ့ပြုမည်ဖြစ်ကြောင်း စသည်ဖြင့် ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အစိုးရဌာနများမှ အမည်မဖော်လိုသူ အရာရှိ (၂) ဦးမှ ၎င်းတို့ သတင်းဌာနသို့ ပြောကြားကြောင်း EconomicTimes သတင်းစာက ရေးသားဖော်ပြ ပါသည်။ 

တန်ဖိုးအားဖြင့် ဒေါ်လာ ၅၆ ဘီလီယံ ခန့်ရှိသော တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကုန်စည်များနှင့် အခြားဒေသများမှ ကုန်စည်များ တင်သွင်းမှုကို လျော့ချရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ သွင်းကုန်အချို့အပေါ် အကောက်ခွန်နှုန်းထားတိုးမြှင့်မှုအား ဆောင်ရွက်မည့် အစီအစဉ်သည် အိန္ဒိယနိုင်ငံအတွင်း၌ လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လျက်ရှိသည့် IKEA လုပ်ငန်းစု ကဲ့သို့သော အိမ်တွင်းသုံး ပရိဘောဂပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် မိုဘိုင်းဖုန်း ဆက်စပ်ပစ္စည်းများကို တင်သွင်းလျက်ရှိသော  စမတ်ဖုန်းထုတ်လုပ်သည့်လုပ်ငန်းများအပေါ် ထိခိုက်မှုရှိ လာနိုင်ပါသည်။

ကုန်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိများပါဝင်သည့် ကော်မတီသည် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဆွေးနွေးတိုင်ပင်မှု များ လုပ်ဆောင်ခဲ့ရာ မူလက တန်ဖိုးဒေါ်လာ ၁၀၀ ဘီလီယံရှိ သည့်ကုန်စည်အမယ်ပေါင်း ၁၃၀ ကျော်ကို သွင်းကုန် ခွန်တိုးမြှင့်ရန် စာရင်းပြုစုခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလ၌ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များဖြင့် တင်သွင်းခွင့်ပြုထားသည့် သွင်းကုန်များမှာ အကောက်ခွန်လိုင်းရှိ ကုန်စည်များ၏ ၁၀% အောက်တွင်သာရှိရာ အိန္ဒိယအစိုးရသည် သွင်းကုန်များအပေါ် အရည် အသွေး စံချိန်စံညွှန်းဆိုင်ရာ ကန့်သတ်မှု များအား သီးခြားဆောင်ရွက်ရန်ကိုလည်း စဉ်းစားလျက်ရှိကြောင်း၊ ထို့အပြင် ပြည်တွင်းလုပ်ငန်းရှင်များ၏ ကုန်ထုတ် လုပ်ငန်းများ၌ လျှပ်စစ်နှင့် လောင်စာဆီတို့ပေါ် အခွန်ပေးဆောင်ရမှုအတွက် ညီမျှမှုဖြစ်စေမည့် Border Adjustment Tax ခေါ် နယ်နိမိတ်ခြားနားမှုအရ ကိုက်ညှိကောက်ခံသည့်အခွန်အား သွင်းကုန်များအပေါ် ကောက်ခံနိုင်ရေး ရသုံးမှန်း ခြေငွေစာရင်း မထုတ်ပြန်မီ ကာလအတွင်း ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အကြား ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း သိရှိရသည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ဦးဆောင်သည့် အိန္ဒိယအစိုးရအနေဖြင့် ၂၀၁၄ ခုနှစ် အာဏာ ရရှိလာချိန်မှစ၍ ကုန်သွယ်ရေး လိုငွေ ကြီးမားစွာဖြစ်ပေါ်နေမှုကို လျော့ချနိုင်ရန်သွင်းကုန်များ အပေါ်အခွန်တိုးမြှင့်ခြင်း၊ အခြားသောနည်းလမ်းများဖြင့် ကန့်သတ်ခြင်းတို့ကို လုပ်ဆောင်လျက် တစ်ဖက်တွင်လည်း ပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက် ရေးတို့ကို ဆောင်ရွက်ခဲ့သည်။ သို့ဖြစ်ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလ အတွင်း နှစ်အလိုက် ကာလတူ နှိုင်းယှဉ်ပါက ပို့ကုန်၌ ၂% ကျဆင်းမှုရှိနေသော်လည်း သွင်းကုန်တန်ဖိုးတွင် ၈.၉% လျော့ချနိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှု လိုငွေပမာဏသည် ယမန်နှစ်ကာလတူ၌ ဒေါ်လာ ၁၄၈ ဘီလီယံရှိရာမှ ယခု ဒေါ်လာ ၁၁၈ ဘီလီယံသို့ ကျဆင်းခဲ့ ကြောင်းသိရှိရပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         India likely to raise import duties on more than 50 items in Budget, 27 Jan 2020, EconomicTimes

Category: India (Delhi)