India (Delhi)

သွင်းအားစုကွင်းဆက် ခိုင်မာရေးအစီအစဉ်အား ဖော်ဆောင်ရန် အိန္ဒိယ-ဂျပန်-ဩစတေးလျ သုံးနိုင်ငံ ညှိနှိုင်းဆွေးနွေးလျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံသည် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းနယ်ပယ်များစွာ၌ လိုအပ်သော သွင်းအားစုကုန်ကြမ်းပစ္စည်းများ၏ အရင်းအမြစ်အဖြစ် တရုတ်နိုင်ငံအပေါ် အမှီပြုနေရမှုကို လျော့ချနိုင်ရန်အတွက် Supply Chain Resilience Initiative (SCRI) ဟု ခေါ်ဆိုသည့် သွင်းအားစုကွင်းဆက်ခိုင်မာရေး အစပြုဆောင်ရွက်မှုအစီအစဉ်ကို အိန္ဒိယ-ဂျပန်-ဩစတေးလျ သုံးနိုင်ငံအကြား ဖော်ဆောင်ရန် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယအခြေစိုက် Economic Times သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ သုံးနိုင်ငံ သွင်းအားစုကွင်းဆက် ခိုင်မာရေးအစီအစဉ်အား ဖော်ဆောင်ရန် ဂျပန်နိုင်ငံက စတင်အဆိုပြုခဲ့ကြောင်း၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၎င်းအစီအစဉ်အား ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရန် လိုအပ်ကြောင်းဖော်ပြလျက် အိန္ဒိယနိုင်ငံသို့ မကြာသေးမီကာလ၌ ဆက်သွယ်လာခဲ့ ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် SCRI အစီအစဉ်ကို လာမည့်နိုဝင်ဘာလတွင် စတင်နိုင်ရန် လိုလားလျက်ရှိပြီး အိန္ဒိယ-ဂျပန်-ဩစတေးလျ သုံးနိုင်ငံမှ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများ၏ ညှိနှိုင်းဆွေးနွေးပွဲ ကို ရှေ့လာမည့်ရက်သတ္တပတ်၌ ကျင်းပဖွယ်ရှိကြောင်း၊ သာမန်အားဖြင့် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ၏ ဆန့်ကျင်ဘက်ဘက်အုပ်စုများအဖြစ် သိသာထင်ရှားမှုဖြစ်စေမည့် အဆိုပြုချက်များအပေါ် သတိ ကြီးစွာထား၍ စဉ်းစားဆောင်ရွက်လေ့ရှိကြောင်း၊ သို့ရာတွင် နိုင်ငံ၏ အနောက်မြောက်ပိုင်း လာဒက်ဒေသရှိ နယ်စပ်စည်းမျဉ်းထိန်းချုပ်မှု ကြားခံနယ်မြေအရေးကိစ္စတွင် တရုတ်နိုင်ငံဘက်မှ လုပ်ဆောင်မှု များအရ အိန္ဒိယအစိုးရသည် ယခုအဆိုပြုချက်အပေါ် အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ အဆိုပြုချက်တွင် အဓိကရည်ရွယ်ချက်နှစ်ရပ်ပါဝင်ပြီး အင်ဒို- ပစိဖိတ်ဒေသအား စီးပွား ရေးအင်အားရပ်ဝန်းကြီးအဖြစ် ပြောင်းလဲရာတွင် ရင်းနှီးမြှုပ်နှံမှုများအားဆွဲဆောင်ရန်နှင့် ပူးပေါင်းပါဝင်သည့်နိုင်ငံများအကြား အပြန်အလှန်ဖြည့်ဆည်းဖက်အဖြစ် ဆက်ဆံရေးကိုထူထောင်ရန်ဖြစ်ကြောင်း၊ ထို့အပြင် အိန္ဒိယ-ဂျပန်-ဩစတေးလျနိုင်ငံများအကြား နားလည်မှုရရှိဖော်ဆောင်နိုင်သည့်နောက်ပိုင်း၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုပါ အဆိုပါအစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရေး လမ်းစဖွင့်လှစ်ရန် ရည်ရွယ်ချက်လည်းရှိကြောင်း သိရှိရပါသည်။

အဆိုပါ သွင်းအားစုကွင်းဆက်အစီအစဉ်အား ကနဦးအစပိုင်း၌ နှစ်နိုင်ငံအကြား တည်ရှိပြီးသား သွင်းအားစုကွင်းဆက်ကွန်ယက်အပေါ် အခြေခံလျက် လုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲထူထောင်လုပ်ကိုင် မည်ဖြစ်ပြီး လက်ရှိကာလတွင် အိန္ဒိယနိုင်ငံ၌ ဂျပန်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်လုပ်ဆောင်နိုင်မည့် Indo-Japan Industrial Competitiveness partnership သဘောတူညီချက်အား အိန္ဒိယနှင့် ဂျပန်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီက စီးပွားရေးလုပ်ငန်းများသည် အိန္ဒိယအား သွင်းအားစုကွင်းဆက်၏ ဗဟိုဌာနအဖြစ် ဖြစ်တန်ချေရှိသည်ဟု ရှုမြင်လျက်ရှိရာ အိန္ဒိယနိုင်ငံအနေဖြင့် ထိုသို့ဖြစ်မြောက် အောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၁၅.၈.၂၀၂၀ နေ့၊ လွတ်လပ်ရေးနေ့မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပါသည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုက်ရှန်ကာကလည်း လက်ရှိ ကမ္ဘာ့ စီးပွားရေးနယ်ပယ်၌ သွင်းအားစုကွင်းဆက်ဆိုင်ရာ မဟာဗျူဟာကျ လုပ်ကိုင်နိုင်မှုမှာ လိုအပ်ချက်တစ်ရပ်ဖြစ်လာ‌ကြောင်းဖြင့် ၂၀.၈.၂၀၂၀ နေ့တွင်ကျင်းပသည့် ASEAN-India Network of Think Tanks ဆွေး‌နွေးပွဲတွင် ပြောကြားခဲ့ပါသည်။ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံက အဆိုပြုထားသော Supply Chain Resilience Initiative အစီအစဉ်အား အလေးအနက်ထား ဆောင်ရွက်သွားဖွယ်ရှိပါ သည်။

(မြန်မာစီးရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. India-Japan-Australia supply chain in the works to counter China, 19 Aug 2020, Economic Times

                   2. Strategic autonomy needed in supply chains: External Affairs Minister S Jaishankar, 21 Aug 2020, Economic Times

Category: India (Delhi)