Brazil

ဟာလာနည်းစနစ်ဖြင့်ထုတ်လုပ်သည့် ကမ္ဘာ့အသားဈေးကွက်သည် ၂၀၂၄ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း အထိ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်

Last Updated:

ဟာလာစနစ်ဖြင့် အသားထုတ်လုပ်သည့် ကမ္ဘာ့နိုင်ငံများတွင် ဘရာဇီးလ်နိုင်ငံသည် အကြီးမားဆုံးထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်ပြီး မူစလင်ကမ္ဘာ၏ စားသုံးရန် လက်ခံအသိအမှတ်ပြုမှုအား ရရှိထားသည်။ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဆောင်ပိုလိုမြို့၌ ကမ္ဘာလုံးဆိုင်ရာ ဟာလာနည်းစနစ်ဖြင့်ထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် ဘရာဇီးလ်စီးပွားရေးဖိုရမ်၏ ပထမနေ့ဆွေးနွေးပွဲတွင် ဘရာဇီးလ်နိုင်ငံ၏ ဟာလာနည်းစနစ်ဖြင့် ထုတ်လုပ်ထားသော အသားများ၏ ဈေးကွက်ရရှိမှု အခြေအနေနှင့် နိုင်ငံတကာဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်နိုင်မှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ အာရပ်-ဘရာဇီးလ် ကုန်သည်လုပ်ငန်းရှင်များအသင်း (Arab-Brazilian Chamber and Fambras-Halal) က ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဟာလာနည်းစနစ်ဖြင့်ထုတ်လုပ်သည့် အမဲသားနှင့် ကြက်သားထုတ်လုပ်မှုများနှင့် နိုင်ငံတကာဈေးကွက်အခြေအနေများအပြင် အလှကုန် ပစ္စည်းအမျိုးမျိုး၊ လူသုံးဆေးဝါးအမျိုးမျိုးနှင့် ခရီးသွားကဏ္ဍတို့အား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည်။ ထို့အပြင် လက်ရှိအချိန်တွင် ဟာလာနည်းစနစ်ဖြင့် ထုတ်လုပ်ထားသည့် ထုတ်ကုန်ဈေးကွက်သည် အမေရိကန်ဒေါ်လာ ၄.၈ ထရီလီယံပမာဏအထိရှိနေပြီး ၂၀၂၄ ခုနှစ်တွင် လက်ရှိအခြေအနေထက် ၁၈ ရာခိုင်နှုန်း ပိုမိုတိုးတက်လာနိုင်ကြောင်း သုတေသနတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လေ့လာတွေ့ရှိမှုများအရ ဟာလာဈေးကွက်အရွယ်အစားနှင့် ဟာလာအစားအသောက်များစားသုံးသည့် စားသုံးသူဈေးကွက်သည် လာမည့်ဆယ်စုနှစ်အနည်းငယ် အတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း အာရပ်-ဘရာဇီးလ် ကုန်သည်လုပ်ငန်းရှင်များအသင်းဥက္ကဌ သံအမတ်ကြီး Osmar Chohfi က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးဆက်ကပ်ရောဂါ မဖြစ်ပွားမီအချိန်က ဘရာဇီးလ်နိုင်ငံသည် ဟာလာအစားအသောက်များအား ကမ္ဘာ့ဈေးကွက်သို့ အများဆုံးတင်ပို့သည့် နိုင်ငံဖြစ် ကြောင်း ကမ္ဘာ့အစ္စလာမ်တိုင်းပြည်များ၏ စီးပွားရေးဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ဟာလာစားသောက်ကုန် အမေရိကန်ဒေါ်လာ ၁၆.၂ ဘီလီယံတန်ဖိုးအား တင်ပို့ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ဒုတိယအများဆုံးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ တန်ဖိုးရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် လက်ရှိအချိန်အထိ ဟာလာစားသောက်ကုန်များအား အများဆုံးထုတ်လုပ်တင်ပို့သည့်နေရာတွင် ဆက်လက်ရပ်တည်လျက်ရှိပြီး အသားများ အား အဓိကထုတ်လုပ်တင်ပို့လျက်ရှိကြောင်း၊ ဟာလာစားသောက်ကုန်များအပြင် အခြားထုတ်ကုန်များအား တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ရန် ဘရာဇီးလ်လုပ်ငန်းရှင်များ က ကြိုးပမ်းလျက်ရှိကြောင်း ဘရာဇီးလ်နိုင်ငံဆိုင်ရာ မူစလင်အသင်းချုပ် ဥက္ကဌ Mohamed Zoghbi က ပြောကြားခဲ့သည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ ကြိုးပမ်းမှုကြောင့် ဘရာဇီးလ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း ၄၅ မျိုးသည် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ဈေးကွက်သစ်များ ရရှိခဲ့ ကြောင်း၊ ထို့ကြောင့် ဘရာဇီးလ်နိုင်ငံ၏ ကုန်သွယ်မှုတွင် ပို့ကုန်ပမာဏ သိသိသာသာတိုးတက်ခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး Tereza Cristina က ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် မူစလင်ဘာသာဝင်များအတွက် ဟာလာစားသောက်ကုန်များ အများဆုံးထုတ်လုပ်တင်ပို့နေသည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိ ကြောင်း၊ ဟာလာနည်းစနစ်ဖြင့် ထုတ်လုပ်ထားသည့် အမဲသားနှင့် ကြက်သားတင်သွင်းသည့် နိုင်ငံအချို့တွင် ဈေးကွက်၏ ၇၅ ရာခိုင်နှုန်းအထိ နေရာရရှိလျက်ရှိ ကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (Organization for Islamic Cooperation) ဝင်နိုင်ငံများသို့ ဟာလာထုတ်ကုန်များအား အဓိကတင်ပို့ လျက်ရှိကြောင်း၊ ဈေးကွက်အသစ်များရရှိနိုင်ရန်နှင့် ထုတ်ကုန်အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ နိုင်ငံပေါင်း ၁၆၇ နိုင်ငံသို့ ဘရာဇီးလ်နိုင်ငံ၏ ဟာလာထုတ်ကုန်များအား တင်ပို့နိုင်ခဲ့ကြောင်း ဝန်ကြီး Tereza Cristina ကပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၏ ဟာလာထုတ်ကုန်တင်သွင်းသည့် နိုင်ငံများစာရင်းတွင် အီဂျစ်နိုင်ငံသည် ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး  ဘရာဇီးလ်နိုင်ငံက ပဲအမျိုးမျိုး၊ ကြက် သား၊ ဆိတ်နှင့် သိုးအရှင်များ၊ နွားကလေးအသားနှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးတို့ကို တိုးချဲ့တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ အာရပ်နိုင်ငံက အမေရိကန်ဒေါ်လာ ၈၈၂.၆၆ သန်းတန်ဖိုးအား ဘရာဇီးလ်နိုင်ငံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ စားသောက်ကုန်ပစ္စည်းများအား အဓိကတင်သွင်းခဲ့ ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil