China (HongKong)

ဟောင်ကောင် ဆိပ်ကမ်းများ၌ ကုန်သေတ္တာများ ပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်တွင် မရေရာမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသနှင့် ရှန်းကျန့်မြို့တို့၌ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လျက်ရှိသောကြောင့် ‌ကိုဗစ်-၁၉ ဖြစ် ပွားမှု ထိန်းချုပ်ရန် ‌ဒေသအာဏာပိုင်များ၏ ကန့်သတ်ချက်များကြောင့် နွေရာသီကာလအလွန် အမေရိကန်သို့ ကုန်ပစ္စည်းများ တင်ပို့မည့်အပေါ် အခက်အခဲများ ဖြစ်ပွားလျက်ရှိကြောင်း၊ ယခုရက်သတ္တပတ်အတွင်း ဟောင်ကောင်ဒေသနှင့် ရှန်းကျန့်မြို့တို့ရှိ ဆိပ်ကမ်းများ၌ ကုန်သေတ္တာများ ပြည့်ကျပ်ပိတ်ဆို့မှုအမြင့်ဆုံး ဖြစ်ပွားလျက်ရှိကြောင်း ၂၀၂၂ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Jammed  ports threaten more supply chain chaos” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါးတွင် လွန်ခဲ့သော (၂) နှစ်ကျော်ကစတင်၍ ကိုဗစ်-၁၉ ရောဂါဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများဖြစ်ပွားခဲ့ရာ နှေးကွေးစွာ ပြန်လည်နာလန်ထူလာလျက်ရှိရာမှ တရုတ် ပြည်မ ကြီး၌ ယခုနောက်ဆုံးအကြိမ် ချမှတ်ခဲ့သည့် lockdown သည် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးမှု ကမ္ဘာ့ကွင်းဆက်ကို ထိခိုက်စေနိုင် သည့် အဓိကအချက်ဖြစ်နိုင်ကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ၏ စွမ်းရည်လျော့ကျလာခြင်း၊ ဆိပ်ကမ်းများ၌ ပိတ်ဆို့မှု များ ပိုမိုမြင့်တက်လာခြင်းနှင့် ပို့ဆောင်ခနှုန်းထားများ မြင့်တက်လာမှုတို့နှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းထားပြီး ပြင်ဆင်ထားသင့် ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မကြီးမှ အာဏာပိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ လုံးဝကင်းစင်ရေးမူဝါဒ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Lockdown ချမှတ်ခြင်း၊ လူအများအပြားအား  ကိုဗစ်-၁၉ စစ်ဆေးခြင်း (mass testing) ၊ အစိုးရ Quarantine စင်တာများ၌ နေထိုင် ရန် တင်းကျပ်စွာဆောင်ရွက်လျက်ရှိကြောင်း၊ ရှန်းကျန့်ဒေသ၌ ရက်သတ္တပတ်ကြာ ကာလရှည် Lockdown ချမှတ်ထားမှုအား ဖြေလျော့ပေးပြီး ဆိပ်ကမ်းအား ဖွင့်ပေးထားခဲ့သော်လည်း အလုပ်သမားများမှာ mass testing ပြုလုပ်ရလျက်ရှိရာ လုပ်ငန်းဆောင် ရွက်မှုများအပေါ် သက်ရောက်မှုများဖြစ်ပွားစေပြီး  ဆိပ်ကမ်းများ၌ ပိတ်ဆို့မှုများ မြင့်တက်လျက်ရှိကြောင်း၊  ကမ္ဘာ့စတုတ္ထ အလုပ်အများဆုံးဆိပ်ကမ်းဖြစ်ပြီး တရုတ်ကုန်ပစ္စည်းများအား အမေရိကန်နိုင်သို့တင်ပို့ရန် သင်္ဘောအများအပြား ဆိုက်ရောက် သည့် ရှန်းကျန့်ဆိပ်ကမ်း ပြင်ပ၌ ကွန်တိန်နာသင်္ဘောများစွာ ရပ်တန့်ထားရကြောင်း၊ အဆိုပါ ကွန်တိန်နာသင်္ဘောများ ပိတ်ဆို့မှု ကြာရှည်နေမည်ဆိုပါက Lockdown ချမှတ်ခြင်းကြောင့် ဆိပ်ကမ်းများ၌ ကွန်တိန်နာပို့ဆောင်မှုများ နှောင့်နှေးကြန့်ကြာနေမည် ဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ကုန်ပစ္စည်းသင်္ဘောတင်ပို့မှုအပေါ် ကြီးမားသည့်သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်း နှောင့်နှေးကြန့်ကြာမှု၊ ပိတ်ဆို့မှုများနှင့် ပို့ဆောင်ခနှုန်းထားများ မြင့်တက်လာမှုကြောင့် ရေရှည်တွင် အဆင်မပြေမှုများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ကုန်ပစ္စည်းများတင်ပို့ရန် ၂၀၂၂ ခုနှစ်တွင် စီမံချက်များ ကြိုတင်ချမှတ်ထား ရန်လိုအပ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်နှင့် ရှန်းကျန့်ဆိပ်ကမ်းနှစ်ခုစလုံးမှာ လပေါင်းများစွာ ဆိပ်ကမ်းများ၌ ကွန်တိန်နာသင်္ဘော ပိတ်ဆို့မှုများနှင့် ကြုံ တွေ့ရလျက်ရှိပြီး ဆိပ်ကမ်းနှစ်ခုလုံးတွင် သင်္ဘော (၇၀၀) ကျော် ကျောက်ချ၍ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း၊ သင်္ဘောဖြင့် ကုန်စည်အမြောက်အမြားပို့‌ဆောင်ခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် Kompasu မုန်တိုင်းတိုက် ခတ်ခဲ့ပြီး‌‌နောက် နှောင့်နှေးကြန့်ကြာခဲ့ကြောင်း၊ ယခုလက်ရှိ နှောင့်နှေးကြန့်ကြာမှုများမှာ ၂၀၂၁ ခုနှစ်၊ ဇွန်လက ရှန်းကျန့်မြို့ရှိ Yantian Port ၌ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရက်သတ္တပတ် (၂) ပတ်ကြာ ယာယီပိတ်ထားခဲ့မှုများ ကြောင့် သင်္ဘောကွန်တိန်နာ (၃၀၀) စင်းအပေါ် သက်ရောက်ခဲ့ကြောင်း၊ ကွန်တိန်နာများပို့ဆောင်မှု ကမ္ဘာ့အများဆုံး ဆိပ်ကမ်း ဖြစ်သည့် ရှန်ဟိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ မြင့်တက်လျက်ရှိသော်လည်း ရှန်ဟိုင်းဆိပ်ကမ်းမှာ ၂၆-၃-၂၀၂၂ ရက်နေ့ အထိ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသအစိုးရမှလည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများ တင်းကျပ်စွာ ဆောင်ရွက် လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၌ ယခင်နှစ်၊ ဧပြီလနှင့်နှိုင်းယှဉ်လျှင် ကွန်တိန်နာသင်္ဘောများရောက်ရှိမှု (၁၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ သို့‌သော် အမေရိကန်နိုင်ငံ ဆိပ်ကမ်း၌ ကွန်တိန်နာသင်္ဘောများ ရောက်ရှိမှု (၆.၂) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ သင်္ဘောကုမ္ပဏီ အများစုအတွက် မတ်လမှာ ကုန်ပစ္စည်းပို့ဆောင်မှုများသည့် အရေးကြီးသည့်ကာလဖြစ်ကြောင်း၊ Lockdown ချမှတ်ခြင်းကြောင့် ထုတ်လုပ်မှုနှေးကွေးခြင်းသာမက ကုန်ပစ္စည်းပို့ဆောင်မှုကိုပါ သက်ရောက်စေနိုင်ကြောင်း၊ Shenzhen၊ Qingdao နှင့် Ningbo  ဆိပ်ကမ်းတို့၌ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစတင်၍ သင်္ဘောဖြင့် ကုန်ပစ္စည်းပို့ဆောင်ခနှုန်းများ ၁၂ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းအကြား လျော့ကျခဲ့ကြောင်း၊ သို့သော် Lockdown ချမှတ်မှုများ ပြန်လည်ရုပ်သိမ်းလျှင် အဆိုပါ ပို့ဆောင် ခလျော့ကျမှုမှာ ကြာရှည်စွာမဖြစ်နိုင်ကြောင်း၊ တရုတ်နိုင်ငံ၌ ဆိပ်ကမ်းများ ပုံမှန်ပြန်လည်လုပ်ဆောင်ပါက ကွန်တိန်နာများ ပို့ဆောင်ရန် ဖိအားများ ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ သို့ဖြစ်ရာ မကြာမီလအနည်းငယ်အတွင်း ကွန်တိန်နာဈေးနှုန်းများ မြင့်တက် လာနိုင်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post သတင်းစာ (26-3-2022)

Category: China (HongKong)