China (HongKong)

ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးပြီး‌ နောက် စီးပွားရေးလုပ်ငန်းများ အနေဖြင့် အလုပ်သမားများ ရရှိရန် အခက်အခဲနှင့် ကြုံတွေ့လျက်ရှိခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ လူမှုအသိုက်အဝန်းအတွင်း ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များ ဖြေလျှော့ပေးပြီး‌နောက် အဆောက်အအုံများ သန့်ရှင်းရေးနှင့် ကြိုတင်စာရင်းပေးမှုများလက်ခံခြင်းတို့ ဆောင်ရွက်လျက်ရှိရာ စီးပွားရေးလုပ်ငန်းများ၌ အလုပ်သမားများရရှိရန် အခက်အခဲနှင့် ကြုံတွေ့လျက်ရှိ သဖြင့် လုပ်ငန်းပြန်လည်စတင်ရန် အဆင်မပြေမှုများရှိနေကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Businesses face staff woes as city ease curbs” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ အချို့သောလုပ်ငန်းများမှာ အလုပ်သမားများ လုပ်ငန်းပြောင်းလဲလုပ်ကိုင်မှုနှင့် အလုပ်မှနုတ်ထွက်သွားခြင်းကြောင့် ၎င်း တို့၏ လုပ်ငန်းအချို့ကိုသာ ပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးမှု ပထမအဆင့်အနေဖြင့် ၂၁-၄-၂၀၂၂ ရက်နေ့မှစတင်၍ စားသောက်ဆိုင်များအား ညပိုင်း (၁၀ : ၀၀) နာရီအထိ ဖွင့်လှစ်ခွင့်ပြုပြီး စားပွဲတစ်ဝိုင်းလျှင် အများဆုံး လူ (၄) ဦးအထိ ထိုင်၍စားသောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့ပြင် ၇-၁-၂၀၂၂ ရက်နေ့မှ စတင်၍ပိတ်ထားခဲ့သည့် အားကစားခန်းမများ၊ အလှပြင်ဆိုင်များနှင့် အနှိပ်ခန်းများ၊ ရုပ်ရှင်ရုံများ၊ ဂိမ်းစင်တာများ၊ အထင်ကရပန်းခြံများနှင့် ဝတ်ပြုဆုတောင်းသည့်နေရာများနှင့် ဘုရားများအား ပြန် လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူများနှင့် ဝန်ထမ်းများအနေဖြင့် ယခုသတ်မှတ်ထားသည့် Vaccine pass scheme အား ခံစားခွင့်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးအနည်းဆုံး (၁) ကြိမ်စီ ထိုးနှံထားရမည်ဖြစ်ကြောင်း၊ သို့သော် ၃၀-၄-၂၀၂၂ ရက်နေ့မှ ၃၀-၅-၂၀၂၂ ရက်နေ့အတွင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (၂) ကြိမ်စီ ထိုးနှံထားရမည်ဖြစ်ပြီး ၃၁-၅-၂၀၂၂ ရက်နေ့နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (၃) ကြိမ် ထိုးနှံထားရ မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ နေ့စဉ်အတက်အကျရှိနေပြီး ၂၀-၄-၂၀၂၂ ရက်နေ့တွင် ကူးစက်မှုအသစ် အတည်ပြုလူနာ (၆၆၈) ဦးနှင့် သေဆုံးသူ (၁၀) ဦးရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအရေအတွက် (၁၀၀) အောက်ရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ လက်သည်း ခြေသည်း အလှပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ အနှိပ်ခန်းများနှင့် အလှပြင်ဆိုင်များ၌ ကြိုတင်စာရင်းပေးမှုများ မြင့်မားလျက်ရှိကြောင်း၊ ဝန်ထမ်းများ အားလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပြီဖြစ်ကြောင်း၊ အားကစားခန်းမများမှာ ရက်ပေါင်း (၁၀၀) ကျော် ပိတ်ထားခဲ့ရသောကြောင့် ဝင်ငွေအနည်း ဆုံးဟောင်ကောင်ဒေါ်လာ (၁) သန်းကျော် ဆုံးရှုံးခဲ့ကြောင်း၊ အလှပြင်ဆိုင်များ၌ ၂၁-၄-၂၀၂၂ ရက်နေ့တွင် အလုပ်သမား (၄၀) ရာခိုင် နှုန်းခန့်မှာ လုပ်ငန်းခွင်သို့ လာရောက်နိုင်ခြေမရှိနိုင်ဟု ခန့်မှန်းထားကြောင်း၊ မရေရာ မသေချာသေးသောအခြေအနေတွင် တရုတ်ပြည်မကြီး၌ ပြည်သူ များအား နေအိမ်များ၌ နေထိုင်ရန် သတ်မှတ်ထားကြောင်း၊ ဟောင်ကောင်‌ဒေသ အစိုးရအနေဖြင့်လည်း လုပ်ငန်းများဖွင့်လှစ်ထားမှုအား အချိန်မ‌ရေွး ရပ်တန့်ခိုင်းနိုင်ကြောင်း၊ အနှိပ်ခန်းများဖွင့်လှစ်ရာတွင် ဝန်ထမ်းနှင့် အနှိပ်ခံသူအားလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးရန် သတ်မှတ် ထားကြောင်း၊ ခရီးသွားလုပ်ငန်း အနေဖြင့်လည်း ဟောင်ကောင်ဒေသတွင်း ခရီးသွားလာမှုများ ပြန်လည်လုပ်ကိုင်ရန် မျှော်လင့်လျက်ရှိ ကြောင်း၊ ခရီးသွားဧည့်လမ်းညွှန်များ၊ ဘတ်စ်ကားမောင်းနှင်သူများနှင့် အခြားဝန်ထမ်းများမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး (၃) ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း၊ ဘတ်စ်ကားများအားလည်း ပြန်လည်မပြေးဆွဲမီ ပိုးသတ်ဆေးဖျန်းထားမည်ဖြစ်ကြောင်း၊ အလှပြင်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် လေဝင်လေထွက် ကောင်းအောင် ပြင်ဆင်ထားမည်ဖြစ်ကြောင်း၊ သို့သော် ဆိုင်ပိတ်ထားခဲ့စဉ်ကာလအတွင်း ဝန်ထမ်းများ အလုပ်မှနုတ်ထွက်သွားသောကြောင့် ဝန်ထမ်း အင်အား အပြည့်အဝထိန်းသိမ်းထားရန်မှာ အခက်အခဲများနှင့် ကြုံတွေ့လျက်ရှိကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post သတင်းစာ (21-4-2022)

Category: China (HongKong)