China (HongKong)

ဟောင်ကောင်ဒေသ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် အလုပ်အကိုင်များဆုံးရှုံးနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးမှ သတိပေးပြောကြားခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးကျဆင်းမှုမှာ ၂၀၀၃ ခုနှစ်က SARS ရောဂါဖြစ်ပွားခဲ့စဉ်ကထက် ပိုမိုဆိုးရွားပြင်းထန်နိုင်ကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေး ပြန်လည်ဦးမော့လာရန်မှာ လက်လီရောင်းချမှု နှင့် ခရီးသွားလုပ်ငန်းပေါ်တွင် မှီခိုလျှက်ရှိသောကြောင့် လူအများစုမှာ အလုပ်အကိုင်များ ဆုံးရှုံးနိုင်ကြောင်း၊  ၂၀၀၂ ခုနှစ်က ဟောင်ကောင်ဒေသသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ၏ ၄၁ ရာခိုင်နှုန်းမှာ တရုတ်ပြည်မကြီးမှ လာရောက်ခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမဖြစ်ပွားခင်က နောက်ဆုံးစာရင်းများအရ  ၇၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ကိုတွေ့ရှိရကြောင်း၊  လွန်ခဲ့သော ၁၇ နှစ်က ဟောင်ကောင်ဒေသ ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပို့ကုန်လုပ်ငန်း၏  ၁၁ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၃၂ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ဟောင်ကောင်၏ စီးပွားရေးအပေါ် သက်ရောက်နိုင်မှုနှင့် ပတ်သက်၍ ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း ကောင်းမွန်သည့် အနေအထားမဖြစ်နိုင်ကြောင်းနှင့် ၂၀၀၃ ခုနှစ် SARS ရောဂါဖြစ်ပွားခဲ့စဉ်ကထက်ပိုမိုဆိုးရွားနိုင်ကြောင်း၊ လွန်ခဲ့သောလအနည်းငယ်တွင်းက လက်လီအရောင်းဆိုင်များနှင့် စားသောက်ကုန်လုပ်ငန်းများအပေါ်ထိခိုက်မှုများခဲ့ကြောင်း၊ လက်လီရောင်းချမှုမှာ ၂၄ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ကြောင်း၊ စားသောက် ကုန်လုပ်ငန်း၏ စုစုပေါင်းဝင်ငွေမှာ SARS ရောဂါဖြစ်ပွားခဲ့စဉ်ကတည်းက ပထမဆုံးအနေဖြင့် ၆ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီးစီးပွားရေး အခြေအနေများမှာလည်း ပိုမိုခက်ခဲလာပါကြောင်း၊ လာမည့်အပတ်အတွင်း အလုပ်လက်မဲ့နှုန်းအားကြေညာသွားမည်ဖြစ်ပြီး ၃.၃ ရာခိုင်နှုန်း ကျေိာ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ရှယ်ယာဈေးကွက်တွင် အတက်အကျများ ရှိနေသော် လည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံခြားငွေကြေး၊ စာချုပ်များနှင့် ပိုင်ဆိုင်မှုစာချုပ်များ အစရှိသည်တို့နှင့် ပတ်သက်၍ ငွေကြေးကဏ္ဍနှင့် ညှိနှိုင်းဆောင်ရွက်မှုများလည်းမရှိကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့်တရုတ်နိုင်ငံ၏ စီးပွားရေးကို နှေးကွေးစေရုံသာမက ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလည်း နှေးကွေးနိုင်ကြောင်း၊ ဘတ်ဂျတ်အစီရင်ခံစာကို ကိုရိုနာဗိုင်းရပ်စ်မှစီးပွားရေးအပေါ် သက်ရောက်နိုင်မှုနှင့်ပတ်သက်၍ အကဲဖြတ်မှု အသစ်ပြုလုပ်၍ ၂၆-၂-၂၀၂၀ ရက်နေ့တွင် တင်ပြနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း၊ အစိုးရဆန့်ကျင် ဆန္ဒပြမှုများကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဟောင်ကောင်ဒေသ၏ဘဏ္ဍာရေးမှာ ၁၅ နှစ်တာကာလအတွင်း ပထမဆုံးလျော့ကျနိုင်ကြောင်း အစိုးရမှခန့်မှန်းထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ ၂ ဆ လျော့ကျနိုင်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး Mr. Paul Chan Mo-Po ကပြောကြားထားသည့် သတင်းအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က South China Morning Post ၌ Lilian Cheng  က ရေးသားဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)