China (HongKong)

ဟောင်ကောင်ဒေသ၌ လျှပ်စစ်စွမ်းအင်သုံးယာဉ်များ သတ်မှတ်ထားချက်ထက် ၅ နှစ် စော၍ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း

Last Updated:

ဟောင်ကောင်ဒေသရှိ မော်တော်ယာဉ်အသစ်အားလုံးမှာ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်စွမ်းအင်သုံးစနစ်ဖြင့် ပြေးဆွဲမည်ဖြစ်ရာ ဒေသအစိုးရမှ မူလသတ်မှတ်ထားခြင်း ထက် (၅) နှစ်စော၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကာဗွန်ထုတ်လုပ်ခြင်းမရှိသည့် မော်‌တော်ယာဉ်များ အသုံးပြုမှုမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပံ့ပိုးမှုအနေဖြင့် အီလက်ထရောနစ် မော်တော်ယာဉ်များ ဝယ်ယူခြင်းအတွက် ထောက်ပံ့ငွေများနှင့် လျှပ်စစ်ဓါတ်အား သီးသန့်သွင်းနိုင်ရန် အခြေခံအဆောက်အအုံများ ပံ့ပိုးခြင်းတို့ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံအများအပြားမှာ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ အသုံးပြုရန် တွန်းအားပေးဆောင်ရွက်လျက် ရှိကြောင်း၊ မူလသတ်မှတ်ချက်မှာ ၂၀၃၅ တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ပြီး ထို့ထက်စော၍ ၂၀၃၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ရန် ဖြစ်နိုင်ချေ နည်းပါးသော်လည်း ၂၀၃၂ ခုနှစ်တွင် အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်မည့် အလားအလာရှိကြောင်း၊ ၂၀၃၅ ခုနှစ်တွင် လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုနိုင်ရန် သတ်မှတ်ထားပြီး  လောင်စာဆီသုံးမော်တော်ယာဉ်များနှင့် လောင်စာဆီနှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးစလုံးအသုံးပြုသည့် Hybrids မော်တော်ယာဉ်များအား မှတ်ပုံတင် ခွင့်မပြုမည့်စီမံကိန်းအား ၂၀၂၁ ခုနှစ်၊ မတ်လက ရေးဆွဲသတ်မှတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ခရီးသည်များအတွက် ပြေးဆွဲပေးသည့် လျှပ်စစ်စွမ်းအင်သုံးဘတ်စ်ကားများမှာ ၂၀၁၀ ပြည့်နှစ်က (၁၈၀) စီးရှိပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ တွင် (၂၅,၀၀၀) စီးရှိကြောင်း၊ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ မှတ်ပုံတင်မှုမှာ၂၀၁၉ ခုနှစ်တွင် (၆) ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တွင် (၁၂) ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၁၀) လအတွင်းတွင် (၂၁) ရာခိုင်နှုန်းရှိပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် (၃၀) ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် (၅၀) ရာခိုင်နှုန်းအထိ မြင့်တက်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လအထိ လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် ဝယ်ယူသူများမှာ ပထမအကြိမ်မှတ်ပုံတင်သည့် အခွန်ပေးဆောင်ရမည့် ဟောင်ကောင်ဒေါ်လာ (၉၇,၅၀၀) ကင်းလွတ်ခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နှစ်စဉ်လိုင်စင်ကြေးမှာ လောင်စာဆီသုံးမော်တော်ယာဉ်များထက်‌ ပိုမိုလျော့နည်းမည် ဖြစ်ကြောင်း၊ ဒေသအစိုးရ၏ မူဝါဒတွင် လူနေအိမ်ရာများ၌ လျှပ်စစ်စွမ်းအင်ပြန်လည်ဖြည့်သွင်းရန်နေရာ (၁၁၀,၀၀၀) ခုအတွက် ဟောင်ကောင်ဒေါ်လာ (၂) ဘီလီယံ ပံ့ပိုးပေးရန်လည်း ပါဝင်ကြောင်း၊ ယခင်နှစ် ကာဗွန်ထုတ်လွှတ်မှုနှိုင်းယှဉ်မှုတွင် လျှပ်စစ်ဓါတ်အားထုတ်လွှတ်မှုမှာ (၆၆) ရာခိုင်နှုန်းရှိပြီး သယ်ယူပို့ဆောင်ရေးမှာ (၁၇) ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ကာဗွွန်ထုတ်လွှတ်မှု ကင်းစင်သည့်ဒေသဖြစ်စေရန် ရည်မှန်းချက်အောင်မြင်အောင် ‌ဒေသအစိုးရအနေဖြင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ အသုံးပြုမှု မြှင့်တင်ရန်၊ ၂၀၃၅ ခုနှစ်တွင် လုပ်ငန်းများအနေဖြင့် ကျောက်မီးသွေးစွမ်းအင်သုံးစွဲမှုများ ရပ်တန့်ရန်၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့် စက်ရုံများ၌ သဘာဝဓါတ်ငွေ့အစား ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ အစားထိုးသုံးစွဲရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ထုတ်လုပ်နိုင်မှုမြှင့်တင်ရန် အစရှိသည်တို့ ပါဝင် ကြောင်း၊ အများပြည်သူအသုံးပြုသည့် ယာဉ်များအတွက် လျှပ်စစ်စွမ်းအင်သုံး ဘတ်စ်ကားများနှင့် အငှားယာဉ်များအတွက် ဟောင်ကောင်ဒေါ်လာ (၃၀၀) မီလီယံနှင့် အခြားအမျိုးအစား မော်တော်ယာဉ်များအတွက် ဟောင်ကောင်ဒေါ်လာ (၁.၁) ဘီလီယံ ပံ့ပိုးရန် ခွဲဝေသတ်မှတ်ထားကြောင်း၊ နောင်လာမည့် (၁၀) နှစ်မှ (၁၅) နှစ် အတွင်း ဟောင်ကောင်ဒေသရှိဘတ်စ်ကားများအားလုံးအနေဖြင့် ဘက်ထရီ (သို့မဟုတ်) ဟိုက်ဒရိုဂျင်စွမ်းအင်တို့ကို အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း၊ ယခုလက်ရှိ တွင် အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ မော်တော်ယာဉ်များအား ဟောင်ကောင်ဒေသသို့ တင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post သတင်းစာ (2-12-2021)

Category: China (HongKong)