China (HongKong)

ဟောင်ကောင်ဒေသ၌ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာမှုကြောင့် လတ်ဆတ်သောကုန်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရန်နယ်စပ်ဂိတ် ရှန်းကျန့်မြို့ မှ ထပ်မံသတ်မှတ်ပေးခဲ့ခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာမှုကြောင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရန် Wenjindu နယ်စပ်ဂိတ်အား အထူးအစီအစဉ်အနေဖြင့် ရှန်းကျန့် မြို့မှ သတ်မှတ်ပေးခဲ့ကြောင်း ၃-၂-၂၀၂၂ ရက်နေ့ထုတ် The Standard သတင်းစာ၌ “Shenzhen designates border point for fresh goods as vegetable price rebounds” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းဆောင်းပါး၌ကုန်ပစ္စည်းများယာယီဖလှယ်ရန် Wenjindu နယ်စပ်ဂိတ် နေရာမှာသေးငယ်ပြီး တရုတ်ပြည်မကြီးမှ ယာဉ်မောင်း (၄၀၀) ဦးခန့်သာ Quarantine နေထိုင်နိုင်မည်ဖြစ်ကြောင်း၊သို့ဖြစ်ရာကုန်ပစ္စည်းများဖလှယ်သည့်အစီအစဉ်အား ပယ်ဖျက်ပြီး ကုန်ပစ္စည်းများအား တရုတ်ပြည်မကြီးမှ တိုက်ရိုက်သယ်ယူခွင့်ပြုသင့်ကြောင်း၊ တရုတ်ပြည်မကြီးမှ ယာဉ်မောင်းများမရရှိနိုင်မှုကြောင့် ဟင်းသီးဟင်းရွက်များနှင့် အေးခဲဝက်သားများအပေါ် သက်ရောက်မှုများရှိနေပြီး ဟောင်ကောင်ဒေသရှိ Wet Market များ၌ ၁၃-၂-၂၀၂၂ ရက်နေ့တွင် မုန်ညင်းရွက်ဈေးနှုန်းမှာ ၆၀ ကျပ်သား(Per catty) လျှင် ဟောင်ကောင် ဒေါ်လာ ၃၀ ဒေါ်လာဖြင့် ရောင်းချခဲ့ကြကြောင်း၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဟင်းသီးဟင်းရွက်များ ဆက်လက်ဝယ်ယူရန်လိုအပ်လျက်ရှိသည်ဟု ဈေးဝယ်ယူသူများမှ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟင်းသီးဟင်းရွက်ရောင်းချသည့် ဆိုင်ရှင်မှပြောကြားရာတွင် ဟင်းသီးဟင်းရွက် အမျိုးအစားများ ဝယ်ယူရရှိနိုင်မှုမှာလည်း ယခင်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်သာရှိကြောင်း၊ သို့သော်သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များမှာမြင့်တက်လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသသို့ တင်သွင်းလာသည့် ဟင်းသီးဟင်းရွက်များမှာ လုံလောက်မှုမရှိကြောင်း၊ သို့ဖြစ်ရာ Wenjindu နယ်စပ်ဂိတ်အား အထူးနယ်စပ်ဂိတ်အဖြစ်သတ်မှတ်ပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ပို့ဆောင်မည့် ကုန်ကားများဖြတ်သန်းရန် အဆင်ပြေချောမွေ့စေရေး ရှန်းကျန့်မြို့နယ်စပ်ဂိတ်ရုံးမှသတ်မှတ်ပေးခဲ့ကြောင်း၊ အခြားသောပစ္စည်းပို့ဆောင်သည့် ကုန်ကားများမှာ အခြားနယ်စပ်ဂိတ်များမှ ဖြတ်ကျော်ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် တရုတ်ပြည်မကြီးမှ လတ်ဆတ်သော ဟင်းသီးဟင်းရွက်ပို့ဆောင်သည့် ကုန်ကားမောင်းနှင်သူများသည် ကုန်ပစ္စည်းဖလှယ်သည့်နေရာ၌ ဟောင်ကောင်ဒေသမှ နယ်စပ်ဖြတ်ကျော်ကုန်ကား မောင်းနှင်သူများသို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်းတွင် ယာဉ်မောင်းအချို့၌ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပြီးနောက် နယ်စပ်ဂိတ်များအား ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်ခဲ့မှုကြောင့် ဟင်းသီးဟင်းရွက်များ ပို့ဆောင်မှုအား အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့ကြောင်း၊ ရှန်းကျန့်ဒေသအစိုးရမှ ယာယီကုန်ပစ္စည်းဖလှယ်ရန်နေရာ ချက်ချင်းသတ်မှတ်ပေးခဲ့သော်လည်း ဟင်းသီးဟင်းရွက်များနှင့် အေးခဲဝက်သားများ တင်သွင်းမှုအပေါ်သက်ရောက်မှုများရှိနေဆဲဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအတွက် စားသောက်ကုန်များ သယ်ယူပို့ဆောင်ရေး သွက်လက်မြန်ဆန်စေရန်နှင့် ပုံမှန်အခြေအနေသို့ မြန်ဆန်စွာပြန်လည်စတင်နိုင်ရန် အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရုတ်ပြည်မကြီးမှ တာဝန်ရှိသူများနှင့် ဟောင်ကောင်ဒေသအစိုးရတို့ အကြားနီးကပ်စွာ အတူတကွလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့သော ဟောင်ကောင်ဒေသခံများသည် regional lockdown သတ်မှတ်မည်ကို စိုးရိမ်ပူပန်လျက်ရှိသောကြောင့် စူပါမားကတ်များသို့ သွားရောက်၍ ကုန်ပစ္စည်းများ ပိုမိုဝယ်ယူခဲ့ကြကြောင်း၊ သို့သော်တရုတ်ပြည်မကြီးမှ လတ်ဆတ်သော ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များအား မကြာမီ ပုံမှန်တင်သွင်းနိုင်မည်ဖြစ်သောကြောင့် စားသုံးသူများ အထိတ်တလန့် မဝယ်ယူအောင် ချင့်ချိန်၍ ခွဲတမ်းစနစ်ဖြင့်ရောင်းချပေးရန် ဟောင်ကောင်‌ဒေသအစိုးရစားသုံးသူရေးရာကောင်စီမှ လက်လီရောင်းချသည့်ဆိုင်ရှင်များအား ပြောကြားထားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)