China (HongKong)

ဟောင်ကောင်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော်လည်း ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်မားလျက်ရှိမည်ဟု ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Last Updated:

ဟောင်ကောင်‌ဒေသ၌ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း (၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များ စတင်ဖြေလျှော့ပေးခဲ့ပြီးနောက် စီးပွားရေး ပုံမှန်ပြန်လည်တိုးတက်လာနိုင်သော်လည်း အလုပ်လက်မဲ့နှုန်းမှာ ဆက်လက်မြင့်မားလျက်ရှိမည်ဟု ဟောင်ကောင်ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) Mr Paul Chan Mo-po ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြ ထားပါသည်။
အဆိုပါ သတင်းဆောင်းပါး၌ ဟောင်ကောင်‌ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ပဉ္စမလှိုင်းကူးစက်မှုမှာ တည်ငြိမ်လာပြီဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းများ နှင့် အလုပ်သမားများမှာ ကမ္ဘာ့ကပ်ရောဂါကြောင့် ဖိအားများနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ဒေသ၏စီးပွားရေးသည် တိုးတက်လာနိုင်သည့် လက္ခဏာ ရှိသော်လည်း လာမည့်လအတွင်း ထုတ်ပြန်ကြေငြာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ဧပြီလအတွင်း အလုပ်လက်မဲ့နှုန်းမှာ ပဉ္စမလှိုင်း၏ ရိုက်ခတ်မှု ကြောင့် ခက်ခဲသည့်အခြေအနေရှိနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း အလုပ်လက်မဲ့နှုန်း (၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ ယခင်နှစ်၊ ၂၀၂၁ ခုနှစ်၊ ဧပြီလမှ ဇွန်လအတွင်း ကျဆင်းခဲ့သည့် အလုပ်လက်မဲ့နှုန်း (၅.၄) ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက အဆိုးရွားဆုံးအခြေအနေဖြစ်ကြောင်း၊ အလုပ်လက်မဲ့အရေအတွက်ဦးရေမှာ (၂၆,၉၀၀) ဦးမှ (၁၈၈,၅၀၀) ဦးအထိ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှု ပြင်းထန်စွာခံစားခဲ့ရသည့်ကဏ္ဍများတွင် အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှုလုပ်ငန်းနှင့် လက်လီရောင်းချမှုလုပ်ငန်းများမှာ အဆိုးရွားဆုံး ရိုက်ခတ်ခံခဲ့ရပြီး အလုပ်လက်မဲ့နှုန်းမှာ (၁၁) ရာခိုင်နှုန်းနှင့် (၇.၇) ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်း၊ ထို့ပြင်ဒေသ၌ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ငွေကြေးဖောင်းပွမှု (၁.၇) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် ပြင်ပသို့ ငွေကြေးစီးဆင်းမှု များရှိပါက ဒေသတွင်းအတိုးနှုန်းနှင့် ငွေလဲလှယ်နှုန်းများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ဖွယ်ဖြစ်ကြောင်း၊ ထို့ပြင် အိမ်ခန်းဝယ်ယူသူများအတွက် အတိုးနှုန်း များမြင့်တက်နိုင်ပြီး ချေးငွေစာချုပ်များ၏အမျိုးအစားများ မြင့်တက်နိုင်ကြောင်း၊ အမေရိကန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှုမှာ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ တွင် (၈) ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်၊ မတ်လတွင် (၈.၅) ရာခိုင်နှုန်းဖြစ်ရာ ဆယ်စုနှစ် (၄) ခုအတွင်း အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း၊ သို့သော် အဆိုပါ မြင့်တက်မှုမှာ ဟောင်ကောင်ဒေသ၏ ငွေကြေးကဏ္ဍ တည်ငြိမ်မှုအပေါ် ဆိုးရွားသည့်သက်ရောက်မှု မရှိနိုင်သော်လည်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်းတို့နှင့်ပတ်သက်၍ ရိုက်ခတ်ခံရနိုင်သည့်အခြေအနေများကို ဂရုစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ ၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဟောင်ကောင်ဒေါ်လာ (၂၉) ဘီလီယံ (အမေရိကန် ဒေါ်လာ ၃.၇၁ ဘီလီယံ) ပိုငွေရှိကြောင်း၊ အဆိုပါပိုငွေ ဖြစ်ပေါ်ရသည့် အဓိကအချက်မှာ ဝင်ငွေခွန်ပေးဆောင်မှုများသည် မျှော်မှန်းထားသည် ထက်မြင့်မားပြီး၊ အခွန်နောက်ကျပေးဆောင်ခွင့်‌ လျှောက်ထား မှုများမှာ မျှော်မှန်းထားသည်အောက် လျော့နည်းခဲ့မှုများကြောင့်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။


(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: South China Morning Post သတင်းစာ (24-4-2022)

Category: China (HongKong)