China (HongKong)

ဟောင်ကောင်ဒေသ၏ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ၆.၄ ရာခိုင်နှုန်း တိုးတက်ခဲ့မှုအား ခြိမ်းခြောက်လျက်ရှိခြင်း

Last Updated:

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ စီးပွားရေးမှာ၂၀၂၁ ခုနှစ်က ၆.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း ယခုအခါ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ‌ပဉ္စမလှိုင်း ကူးစက်ပျံ့နှံ့မှု ကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေး ပြန်လည်နာလန်ထူမှုအပေါ် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ်South China Morning Post သတင်းစာ၌ Cannix Yau က “Threats Ahead as Growth Hits 6.4 pc” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါးတွင် ဟောင်ကောင်ဒေသ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၂၂ ခုနှစ်တွင် (၅.၅) ရာခိုင်နှုန်းမှ (၆.၅) ရာခိုင်နှုန်းအကြားရှိရန် ကြိုတင်ခန့်မှန်းထားခဲ့ကြောင်း၊ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ကာလတူနှင့် နှိုင်းယှဉ်လျှင် ၂၀၂၁ ခုနှစ်၊ စတုတ္ထသုံးလပတ်အတွင်း (၄.၈) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဒေသခံတစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ ၅,၀၀၀ တန်ဖိုးရှိ e-voucher များအား ဒေသ အစိုးရမှ Consumption Voucher Scheme ဖြင့် ဟောင်ကောင်ဒေါ်လာ (၃၆)ဘီလီယံ ပံ့ပိုးခဲ့ခြင်းကြောင့် စီးပွားရေးတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ကိုလည်း စီးပွားရေးတိုးတက်ရန် မျှော်လင့်ထားသော်လည်း ဟောင်ကောင်ဒေသတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုများကြောင့် စီးပွားရေးတိုးတက်မှုနှင့် ပတ်သက်၍ မသေချာမှုများရှိနေကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နောက်ဆုံးအခြေအနေများကြောင့် စီးပွားရေးလုပ်ငန်းများအပေါ် ဖိအားများဖြစ်ပေါ်စေနိုင်ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများကြောင့်လည်း ကမ္ဘာ့စီးပွားရေးပြန်လည် နာလန်ထူမှုကို နှေးကွေးစေနိုင်ပြီး နိုင်ငံအများအပြားတွင် ကုန်ဈေးနှုန်းများမြင့်တက်မှုများနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ကူးစက်ဖြစ်ပွားနေမှုနှင့် ကုန်ပစ္စည်းထုတ်လုပ်သယ်ယူပို့ဆောင်မှုများတွင် အခက်အခဲများရှိသောကြောင့် အချို့သော အဓိကကျသည့် စီးပွားရေးဒေသများတွင် ကုန်ဈေးနှုန်းမြင့်တက်မှုများ ကြာရှည်နေမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်များမှလည်း ငွေကြေးမူဝါဒများနှင့် ပတ်သက်၍ တင်းကျပ်မှုများကို လျင်မြန်စွာ လုပ်ဆောင်နိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၁ ခုနှစ်က (၂၆.၃) ရာခိုင်နှုန်းနှင့် သွင်းကုန်တင်သွင်းမှုတွင်(၂၄.၃)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အလုပ်လက်မဲ့နှုန်းမှာ (၃.၉) ရာခိုင်နှုန်းရှိခဲ့ရာ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍ အလုပ် လက်မဲ့နှုန်းနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးဖြစ်ခဲ့ကြောင်း၊ အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်မှုဆိုင်ရာ တင်းကျပ်မှုများ ချမှတ်ခဲ့ရသောကြောင့် ၂၀၂၂ ခုနှစ်၊ ပထမသုံးလပတ်တွင် ဟောင်ကောင် ဒေသ၏ စီးပွားရေးတိုးတက်မှု (၁) ရာခိုင်နှုန်း လျော့ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ဒေသအစိုးရမှ စီးပွားရေးလုပ်ငန်း (၁၅) မျိုးအား ယာယီပိတ်ထားရန်နှင့် စားသောက်ဆိုင်များအား(၁၈:၀၀)နာရီနောက်ပိုင်း ရောင်းချခွင့်များအား ၁၇-၂-၂၀၂၂ ရက်နေ့အထိရက်တိုးမြှင့် သတ်မှတ်ခဲ့မှုများကြောင့် စီးပွားရေးကျဆင်းနိုင်ကြောင်း၊ အဆိုပါတင်းကျပ်မှုများ၏ ရိုက်ခတ်မှုမှာ(၂) လ ကြာမြင့်လာပြီဖြစ်သောကြောင့်  စားသောက်ကုန်လုပ်ငန်းများအတွက် ဝင်ငွေမြင့်မားစွာရရှိသည့်ကာလအားပြင်းထန်စွာရိုက်ခတ်လျက်ရှိကြောင်း၊ ဒုတိယသုံးလပတ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ တင်းကျပ်မှုများအား ဖြေလျှော့နိုင်ပါက စီးပွားရေးတိုးတက်မှု (၂) ရာခိုင်နှုန်းမှ (၃) ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးစာအတွက် ခန့်မှန်းမှုတွင် စီးပွားရေးတိုးတက်မှုနှုန်း မှာ (၄) ရာခိုင်နှုန်းမှ (၃) ရာခိုင်နှုန်း အတွင်းလျော့ကျနိုင်ကြောင်း၊‌ အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကိုဗစ်-၁၉ ကူးစက်မှု ပဉ္စမလှိုင်းဖြစ်ပွားမှုမှာ ကာလကြာရှည်နေမည်ဖြစ်ပြီး အနီးကပ်ဆုံးကာလ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်မှာ ပိုမိုဆိုးရွားနိုင်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)